မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး အန်တိုနီ ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ရိုမန်နို ဖော်ထုတ်
မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီဟာ ဒီရာသီမှာ အသင်းနဲ့ လမ်းခွဲဖို့အတွက် အစီအစဉ် မရှိဘူးလို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့လမှာ ဇာဇီး၊ အူဂါတီ၊ ဒီလိုက်တ်၊ မက်ဇရာဝီ၊ ယိုရိုတို့လို ကစားသမားတွေအပါအဝင် နေရာအများအပြားကို အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စကော့ မက်တော်မီနေးနဲ့ ဝမ် ဘစ်ဆာကာတို့ ထွက်ခွာသွားမှုနဲ့အတူ ဆန်ချိုကလည်း ချဲလ်ဆီးကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အန်တိုနီကတော့ ဒီရာသီမှာ အသင်းကို စွန့်ခွာဖွယ်မရှိဘူးလို့ ရိုမာနိုက ပြောဆိုခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားရဲ့ အနာဂတ်ဟာ ဒီနွေရာသီတလျှောက်လုံးမှာ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့် လာမယ့်ရာသီမတိုင်ခင်အထိ အသင်းမှာ ဆက်ရှိနေမယ့်ပုံပေါ်နေတာဖြစ်ပါတယ်။
ရိုမာနိုက ဒီနွေရာသီမှာ အန်တိုနီကို စပိန်နဲ့ တူရကီတို့အပါအဝင် ဥရောပထိပ်တန်းလိဂ်အများအပြားက စိတ်ဝင်စားမှုတွေ ရှိခဲ့တယ်လို့ ရှင်းပြခဲ့ပြီး ရီးရဲလ်ဘက်တစ်ကလည်း ခေါ်ယူချင်တဲ့အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ ဖီနာဘာချီက အန်တိုနီကို ခေါ်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က အမှန်တကယ် ဖြစ်မလာခဲ့တာဖြစ်ပြီး ရိုမာနိုက အခုလို ဖော်ထုတ်လိုက်ပါတယ်။

” နွေရာသီဈေးကွက် နောက်ဆုံးနေ့တွေမှာ ရီးရဲလ်ဘက်တစ်က အန်တိုနီကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးစားခဲ့တယ်။
ဒါပေမယ့် ယူနိုက်တက်က ဆန်ချိုကို ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ပေးခဲ့တာရော ကစားသမားဘက်ကပါ အပြောင်းအရွှေ့ မလုပ်ချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်လာခဲ့တာပါ။
အခု ကျွန်တော်တို့ ဖီနာဘာချီနဲ့လည်း ကောလာဟလတွေ ထွက်ခဲ့တယ်။ မော်ရင်ဟိုက တောင်ပံကစားသမား ရှာဖွေနေပြီး အန်တိုနီကို ခေါ်ယူဖို့ စဉ်းစားနေတယ်။ ဒီအပြောင်းအရွှေ့က ဖြစ်လာမှာမဟုတ်ပါဘူး။
ဒါက ကစားသမားနဲ့ နီးစပ်တဲ့လူတွေဆီကနေ ရှင်းလင်းပြတ်သားတဲ့ ကြေညာချက်ပါ။ အန်တိုနီက မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့ပဲ စိတ်ကူးရှိပါတယ်။ သူက ဒီရာသီမှာ အသင်းလူစာရင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေမှာပါ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။