အပြောင်းအရွှေ့ စျေးကွက် ပိတ်သွားပေမယ့် မန်ယူအသင်းထံ ရောက်လာနိုင်ဆဲ ကစားသမား တစ်ဦး

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ စျေးကွက် ပိတ်သွားပေမယ့်လို့ အလွတ်စာချုပ်တွေဖြင့် ခေါ်ယူခွင့်ရနေဆဲဖြစ်ကာ မကြာခင် မန်ချက်စတာ ယူနိုက်တက်က ကစားသမားသစ် ထပ်ခေါ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

ဇွန်လ ၃၀ မှာ ဂျူဗင်တပ်နဲ့ စာချုပ်ကုန်ခဲ့ကာ ထွက်ခွာခွင့်ရထားတဲ့ ကွင်းလယ်လူ ရာဘီယော့ကို အလွတ်ဖြင့် ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားမှု ပြသထားပါတယ်။

ကလပ်လက်မဲ့ဖြစ်နေတာတောင် ကွင်းလယ်လူကို ပြင်သစ်အသင်းအတွက် ဆက်လက် ရွေးချယ်ထားခြင်းကလည်း ဒက်ချမ့်က ၂၉ နှစ်အရွယ် ကစားသမားအပေါ် ဘယ်လောက်ထိ မြင့်မြင့်မားမား တန်ဖိုးဖြတ်ထားလဲ သိသာပါတယ်။

ပြင်သစ်လက်ရွေးစင်ကို ယူနိုက်တက်အပြင် အင်္ဂလန်ပြည်တွင်းပြိုင်ဘက် လီဗာပူးတို့လည်း ခေါ်ယူလိုကြောင်း သတင်းထွက်ခဲ့ပေမယ့် ခီယေဆာကိုပဲ ခေါ်ယူသွားခဲ့ပါတယ်။

ဒီနွေမှာ အင်္ဂလန်လိဂ်ကို ပြောင်းလာလိုတဲ့ ရာဘီယော့ကို ခေါ်ယူဖို့ ယူနိုက်တက်ဘက်က လှုပ်ရှားနိုင်နေဆဲဖြစ်ကြောင်း အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ပြောဆိုနေကြဆဲဖြစ်ပါတယ်။