အာဂျင် ဗဟိုခံစစ် အတွဲကို မန်ယူ ပုံဖော်ဖို့ ကြိုးစားပေမယ့် လွဲခဲ့ရ၊ လာမယ့် ဈေးကွက်တွေမှာ ထပ်မံ ကြိုးပမ်းဖို့ ရှိ
မန်ချက်စတာ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့တုန်းက တော့တင်ဟမ်ဟော့စပါး နောက်ခံကစားသမား ခရစ်ရှန် ရိုမဲရိုးကို အတော်လေး ခေါ်ယူချင်ခဲ့တယ်လို့ သိရပါတယ်။
စပါးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဟာ ဒီနွေရာသီမှာ ဥရောပရဲ့ အကြီးမားဆုံးကလပ် ၃ သင်းရဲ့ အလိုရှိခြင်းခံခဲ့ရတဲ့ ကစားသမားပါ။
အာဂျင်တီးနားနောက်ခံလူဟာ ၂၀၂၁ ခုနှစ်မှာ ပေါင် ၄၂ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် မြောက်လန်ဒန်အသင်းအတွက် ၁၀၁ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။
ရိုမဲရိုးဟာ နည်းပြ ပိုစတီကိုဂလူရဲ့ အလွန်သဘောကျ နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး သတင်းတွေ အရ မန်ယူနိုက်တက်၊ ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ အာဂျင်တီးနား နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းက ရိုမဲရိုးဟာ ရောင်းချမယ့်ကစားသမားမဟုတ်တဲ့အကြောင်းကို ပြတ်ပြတ်သားသား တုံ့ပြန်ဃဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်သာ စပါးနောက်ခံလူကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လီဆန်ဒရို မာတီနက်ဇ်နဲ့အတူ ဗဟိုခံစစ်နေရာမှာ အာဂျင်တီးနားဗဟိုခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကြောင့် တန်ဟက်က လိုင်လီက လီနီ ယိုရို၊ ဘိုင်ယန်မြူးနစ်က ဒီလစ် တို့ကိုသာ ခေါ်ယူခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီကလည်း ဖရန့်ဖွတ်နောက်ခံလူ ဝီလီယံ ပါချိုကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်ကတော့ ဒီနွေရာသီမှာ နောက်ခံကစားသမားသစ် ခေါ်ယူခဲ့ခြင်းမရှိဘဲ ဂရာနာဒါကို အငှားနဲ့ သွားကစားနေတဲ့ နောက်ခံလူ ဂျီးဆပ် ဗလေဟို ပြန်ရောက်လာခဲ့တာကြောင့် လာမယ့်နွေရာသီလောက်မှာ ရိုမဲရိုးကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။