ရော်နယ်ဒို ဘာတွေ ပြောပြော၊ သူက မန်ချက်စတာနဲ့ အဝေးကြီးပါ လို့ အဲရစ်တန်ဟက် ခပ်ပြတ်ပြတ် တုန့်ပြန်

မန်ချက်စတာယူနိုက်တက် နည်းပြအဲရစ်တန်ဟက်ကတော့ မန်ယူတိုက်စစ်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဝေဖန်မှုအပေါ် ငြင်းဆိုလိုက်ပြီး ကလပ်အပြင်ဘက်မှ ဝေဖန်မှုများက သူ့ကို တစုံတရာရိုက်ခတ်ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ရီယိုဖာဒီနန်နှင့် ပြုလုပ်တဲ့ အင်တာဗျူးတွင် အဲရစ်တန်ဟက်က ယူနိုက်တက်မှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အလှမ်းဝေးနေတုန်း ဖြစ်ကြောင်း နယ်သာလန်သတင်းစာတစ်ခုနှင့် ပြုလုပ်တဲ့ အင်တာဗျူးအပေါ် ဝေဖန်သွားခဲ့ပါတယ်။

ရော်နယ်ဒိုက အဲရစ်တန်ဟက်အနေဖြင့် ယူနိုက်တက်မှာ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား မရနိုင်လို့ ပြောကြားသွားခဲ့မှုမှာ မှားယွင်းတဲ့ ပြောဆိုမှုတစ်ခု ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်။

စနေနေ့ ဆောက်သမ်တန်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမဲ့ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ အဲရစ်တန်ဟက်က ရော်နယ်ဒို ပြောသွားတာတွေ မဟုတ်ကြေငာ်း ငြင်းဆန်ခဲ့ပါတယ်။

” (မန်ယူ ဖလားမရနိုင်သေးဘူးလို့ ကျွန်တော် ပြောတယ် ဆိုတာ) မဟုတ်ပါဘူး။ အဲဒါက သူပြောသွားတာ။ ခင်ဗျားတို့ အဲဒီသတင်းကို အသေအချာဖတ်ကြည့်ရင် တွေ့ကြမှာပါ။ သူ့အမြင်ကိုပဲ ပြောသွားတာ။ ဘာမှ မဖြစ်ပါဘူး။ အိုကေပါတယ်။ သူက ဆော်ဒီမှာပါ။ မန်ချက်စတာနဲ့ အဝေးကြီးမှာပါ”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ လီဗာပူးကို ရှုံးနိမ့်ပြီးနောက် နိုင်ငံတကာပွဲကြောင့် လိဂ်ရပ်နားထားတဲ့ ရက်သတ္တပတ် ၂ ပတ် အတွင်းတွင် ယူနိုက်တက်နည်းပြအနာဂတ်နှင့်ပတ်သက်ပြီး ရေးသားမှုများစွာ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး အဲရစ်တန်ဟက်က “ကျွန်တော့်အပေါ် ဘာမှ မရိုက်ခတ်ပါဘူး(အပြင်ဘက်က ဝေဖန်သံ)။ ကျွန်တော်တို့ ဘယ်နေရာမှာ တိုးတက်နေတယ်ဆိုတာ သိပါတယ်။ ဘာလုပ်ရမယ်၊ ဘာမှားနေတယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲကာလမှာပဲ ရှိနေတုန်းဆိုတာ အရင်ကလည်း ပြောခဲ့ဖူးပါတယ်။

အသင်းမှာ လူငယ်ကစားသမားအများကြီး ထည့်ထားတယ်။ ဒဏ်ရာပြဿနာတွေကို ဖြေရှင်းနေတုန်းပါ။ ကစားသမားတွေကို အသင်းမှာ ပါဝင်လာနိုင်အောင် လုပ်နေရတုန်း ဖြစ်ပါတယ်။ လူတွေအနေနဲ့ အပြစ်ဖို့စရာပြောနေတယ်လို့ ထင်ကြလိမ့်မယ်။ မဟုတ်ပါဘူး။

ကျွန်တော်တို့ ပွဲတိုင်း အနိုင်ယူရမယ်ဆိုတာ သိပါတယ်။ အသင်းလည်း သိတယ်။ ဘယ်သူ ကစားနိုင်တယ် မကစားနိုင်ဘူးဆိုတာ အရေးမကြီးဘူး။ ပွဲတိုင်း အနိုင်ရမှ ဖြစ်မယ်ဆိုတာ သိပါတယ်”လို့ ပြောကြားသွားပါတယ်။