ဘေးစကားတွေ နားမယောင်ဖို့ ရက်ဖို့ဒ်ကို အားပေးလိုက်ပြီး သွင်းဂိုးတွေ ပို မျှော်လင့်ကြောင်း တန်ဟက် ပြောဆို
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ဆောက်သမ်တန်နှင့်ပွဲမှာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ဂိုးပေါက်ပြန်တွေ့ပြီးနောက် နောက်ထပ် ဂိုးများစွာ ဆက်တိုက်သွင်းလာရန် မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် ဝေဖန်မှုများစွာ ကြုံခဲ့ရပြီးနောက် မနေ့ညက စိန့်မေရီကွင်းမှာ ဆောက်သမ်တန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲမှာ ယူနိုက်တက်ရဲ့ ဒုတိယအနိုင်ဂိုးကို သွင်းယူလာပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ မတ်လ ၉ ရက်နေ့တုန်းက အဲဗာတန်နှင့်ပွဲတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် ၁၈၉ ရက်ကြာ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ မတ်လ ၁၇ ရက်နေ့ လီဗာပူးနှင့် အက်ဖ်အေဖလားပွဲနောက်ပိုင်းတွင် ပထမဆုံးဂိုးသွင်းလာတာလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ ရက်ဖို့ဒ်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ လီဗာပူးအား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ဝေဖန်မှုတွေ ကြုံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲရစ်တန်ဟက်က ရက်ဖို့ဒ်အပေါ် ဝေဖန်မှုမှာ မမျှတဘူးလို့ ယူဆနေပါတယ်။
အဲရစ်တန်ဟက်က “အရေးအကြီးဆုံးက အပြင်ကမ္ဘာက ပြောနေဆိုနေတာကို ဂရုမစိုက်ဖို့ပါ။ ဒါပေမဲ့ သူ့အပေါ် ဝေဖန်တာတွေက နည်းနည်း များလွန်းတယ်။ အဲဒီပွဲ(လီဗာပူးနဲ့ပွဲ)မှာဆို သူဟာ တကယ်ကောင်းတဲ့ အခွင့်အရေးကောင်း နှစ်ကြိမ် ဖန်တီးနိုင်ခဲ့တယ်။
ဒီရာသီ အခြားပွဲတွေမှာလည်း သူ ကောင်းကောင်းကစားခဲ့တယ်။ ဒီဂိုး(ဆောက်သမ်တန်)နဲ့ သူ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဒီအတွက်ပဲ အလုပ်လုပ်ခဲ့တာ။ ဒီအတွက်ပဲ သူ လုပ်နေတာပါ။ နောက်တော့ ထိုက်တန်တဲ့ ဆုလာဘ် ရောက်လာတော့တာပါပဲ”လို့ ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ကစားလာတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိပြီ ဖြစ်ပြီး ၁၃၂ ဂိုး သွင်းပေးထားပါတယ်။