ပွဲ မကစားရလို့ တင်းနေတဲ့ အန်တိုနီ ကို အားပေးနားချစကား ဆိုလာတဲ့ နည်းပြ အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်ကတော့ အသင်းမှာ ပွဲကစားခွင့် မရလို့ စိတ်မရှည် ဖြစ်နေတဲ့ သူ့တပည့်ကျော် အန်တိုနီ အား အားပေးနှစ်သိမ့်စကားတွေ ပြောဆိုလာပါတယ်။
အန်တိုနီဟာ အသင်းမှာ တဖြည်းဖြည်း နောက်ရောက်လာနေပြီး အခုဆို ယူနိုက်တက် တောင်ပံ ကစားသမားတွေထဲ ပဉ္စမ ဦးစားပေး အဆင့်သာ ရှိနေပါတယ်။
ဘရာဇီးသားဟာ ဒီရာသီ ပွဲကစားချိန် တစ်မိနစ်သာ ရှိသေးပြီး ထိုပွဲကလည်း သြဂုတ်လထဲ ဘရိုက်တန်နဲ့ပွဲ နောက်ဆုံး မိနစ်မှ လူစားဝင် ကစားခဲ့ရတာပါ။

လက်ရှိမှာ အာမတ် ဒီယာလိုနဲ့ မားကပ် ရက်ဖို့ဒ်က တန်ဟက်ရဲ့ ပထမဦးစားပေး တိုက်စစ်သမားတွေ ဖြစ်နေပြီး ဂါနာချို ကလည်း နေရာ ရလာနေပါတယ်။
နည်းပြ တန်ဟက် က ” ဒါက ပရော်ဖက်ရှင်နယ် ဘောလုံး၊ ထိပ်တန်း ဘောလုံးလောကပါ။ ဒီမှာ သူ့ စည်းမျဉ်းနဲ့ သူ ရှိတယ်။ ပွဲတစ်ပွဲကို နိုင်ဖို့ အကောင်းဆုံး အသင်းကို ရွေးချယ်ရတာပဲ။
လူငယ်တွေ အဆင့်ကနေ တိုးတက်လာတဲ့ ကစားသမား နှစ်ယောက် အသင်းထဲ၊ လူစာရင်းရွေးချယ်မှုထဲ တိုးဝင်လာတယ်။ ဒီတော့ အန်တိုနီ အနေနဲ့ ပြန် လုပ်ပြနိုင်မှ ဖြစ်မယ်။ ဒီလို လုပ်နိုင်ဖို့ သူ့မှာလည်း အရည်အသွေးတွေ ရှိပါတယ်။
အခုလည်း သူ မှန်ကန်စွာ ကြိုးစားနေတယ်။ အသင်းဖော်တွေနဲ့ သူ ပြိုင်ဆိုင်နိုင်ပါတ်။ တခြား ကစားသမားတွေကလည်း အတော် ကောင်းကောင်း လုပ်နေတယ်။ ကျွန်တော်တို့ဆီမှာ အာမတ်နဲ့ ဂါနာချို တို့ က အတော် အလုပ် ဖြစ်နေတယ်။ ရက်ဖို့ဒ်ကလည်း ဂိုးသွင်းတယ်။
ဒီတော့ အန်တိုနီ အနေနဲ့ ထရိန်နင်မှာ သေချာ လုပ်ပြပြီး ပွဲထွက်ခွင့် ပြန်ရယူမှာပါ။ သူ တခြားသူတွေကို ကျော်ဖြတ်နိုင်မှ ရမယ်။ သူကတော့ ဘယ်စိတ်ရှည်မလဲဗျာ။ ကစားချင်တယ်၊ ကစားခွင့် ရဖို့ ကြိုးစားနေပါတယ်။ ” လို့ ရှင်းလင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။