ပဲလေ့စ်ကို ပထမပိုင်းမှာ ညှာလိုက်မိလို့ အမှတ်လျော့သွားလေခြင်းလို့ ညည်းချင်းချနေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။

နည်းပြ တန်ဟက်ကတော့ သူ့အသင်းဟာ ပထမပိုင်းမှာ ပိုသာခဲ့ပေမယ့် ပြိုင်ဘက်ကို အပြတ် မဖြတ်နိုင်လိုက်တာကြောင့်သာ အခုလို အမှတ်လျော့ကာ သရေကျခဲ့ရတယ်လို့ ညည်းတွားခဲ့ပါတယ်။

“ကျနော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့က ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးလိုက်မိတာပါ။ တစ်ဂိုး၊ နှစ်ဂိုးလောက်ဖြစ်ဖြစ် သွင်းထားပြီးသင့်ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းကြား ကွာဟချက် သိပ်မရှိတော့ဘဲ ပွဲချိန်ခွင်လျှာက ပြန်မျှသွားပါတယ်”

“ကျနော်တို့က ခံစစ်ပိုင်းအရ ကျစ်လျစ်မှုရှိဖို့ တော်တော်လေးကို အလုပ်ကြိုးစားခဲ့ပြီး ဘောလုံးရချိန်မှာလည်း ကောင်းမွန်တဲ့ တည်ဆောက်ပုံ၊ ထိန်းချုပ်မှုတွေ ရှိခဲ့ပါတယ်” လို့ တန်ဟက်က ဆိုပါတယ်။

ပဲလေစ့်ပွဲက နိုင်သင့်တယ်ဆိုပေမယ့် ဘရိုက်တန် ပွဲတုန်းကလို မရှုံးခဲ့တာကလည်း အရေးကြီးတယ်လို့လည်း နည်းပြ တန်ဟက်က ယူဆထားပါတယ်။

ရမှတ်တွေ ဆုံးရှုံးခဲ့တာအတွက် ” ဘရိုက်တန်ပွဲတုန်းက ကျနော်တို့ သရေ ဒါမှမဟုတ် အနိုင်ရခဲ့သင့်တာပါ။ ရသင့်တဲ့ ၃ မှတ်ထိ ဆုံးရှုံးခဲ့ပါတယ်။

ဒီနေ့မှာ ပထမပိုင်းအတွင်း ပြသခဲ့တဲ့ ခြေစွမ်းအရ ကျနော်တို့ ၂ မှတ် ဆုံးရှုံးသွားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲကို ကျနော်တို့ မရှုံးခဲ့ပါဘူး ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ သရေပွဲအပြီး မှာ မန်ချက်စတာ ယူနိုက်တက်က အဆင့် ၁၀ နေရာက စပါးနဲ့ ရမှတ်တူ အဆင့် ၁၁ မှာ ရှိနေပါတယ်။