ပဲလေ့စ်နဲ့ပွဲမှာ မန်ယူ နောက်ခံလူ မာတီနက်ဇ်ကို ဘာလို့ မထုတ်ရသလဲ ပရီးမီးယားလိဂ် ဖြေရှင်းချက် ထုတ်

ပရီးမီးယားလိဂ် ပွဲကျင်းပရေး အဖွဲ့ကတော့ မနေ့ဘက ခရစ္စတယ်ပဲလေ့စ်နှင့် ယူနိုက်တက်တို့ ပွဲစဉ်မှာ လီဆန်ဒရိုမာတီနက်ဇ် အနီကတ်ပြ ထုတ်ပယ်ခြင်း မခံခဲ့ရတဲ့ အပေါ် ရှင်းလင်းမှု ပြုလုပ်လာပါတယ်။

စနေနေ့ညတုန်းက Selhurst Park တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ယူနိုက်တက်တို့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားကာ ရမှတ် ၃ မှတ်ရခဲ့သင့်ပေမဲ့ ပဲလေ့စ်ဂိုးသမားဒိန်း ဟင်ဒါဆင်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းအတွင်းတွင် ယူနိုက်တက်ဗဟိုနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်ရဲ့ ဒိုင်ချီ ကာမာဒါကို ခြေနှစ်ချောင်းစုံဝင် ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပါတယ်။ ကံကောင်းတာကတော့ ဂျပန်လက်ရွေးစင်ကစားသမားနှင့် မထိခဲ့တာပါ။

ခြေကျင်းဝတ်ကျိုးနိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ယင်းဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့ပေမဲ့ အာဂျင်တီးနားနောက်ခံလူဟာ အနီကတ်ပြသခြင်း မခံရဘဲ အဝါကတ်သာ ပြသခြင်းခံခဲ့ရပါတယ်။

ဒီကိစ္စ အပေါ် ဝေဖန်မှုတွေ များပြားနေတာကြောင့် The Premier League Match Centre က အခုလို ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။

“ကာမာဒါကို မာတီနက်ဇ်က ဖျက်ထုတ်မှုတစ်ခု ပြုလုပ်မှုအတွက် ဒိုင်လူကြီးက အဝါကတ်ပြသခဲ့ပါတယ်။ VAR ဟာ အနီကတ်ပြသနိုင်သလားဆိုပြီး စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ ဒိုင်လူကြီးရဲ့ အနီကတ် မပြသမှုက မှန်ကန်တယ်လို့ အတည်ပြုခဲ့တယ်။ ဒီကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုက ကာမာဒါနဲ့ မထိတွေ့ခဲ့ပါဘူး”လို့ ရှင်းလင်းသွားပါတယ်။