လူကာကူ ဘက်က ကာကွယ်တဲ့ တူချယ်၊ ဘလွန်းဒီအောဆု ရရင် ဆိုတဲ့ မောင့်နဲ့ ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်က ဘလွန်းဒီအော ဆု ရခဲ့ရင် ဘယ်လိုလုပ်မလဲ အမေးကို ဆုရခဲ့ရင်လည်း အမူး အမှောက်သောက်ပြီး အပျော်ကျူးနိုင်မှာ မဟုတ်ဘဲ နောက်နေ့မှာ ထရိန်နင်ရှိရာကို ပြေးသွားရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အိမ်ရှင် ချဲလ်ဆီးက ၂-၁ ဂိုးနဲ့ အနိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြု ခန့်မှန်းခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က မန်ယူ ယာယီနည်းပြဖြစ်လာတဲ့ ရန်နစ်ဟာ သူ့အပေါ်လွှမ်းမိုးမှုကြီးမားသူဖြစ်ကြောင်း၊ ရန်နစ်ဟာ မိမိကိုများစွာ ကူညီပေးခဲ့သူဖြစ်ကြာင်း၊ ရန်နစ်ဟာ မိမိအနေနဲ့ နည်းပြ ဖြစ်လာစေတဲ့ အကြောင်းအရာ တွေထဲက တစ်ခုဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး လက်ထောက်နည်းပြဟောင်း မောရစ်က လူငယ်ကြယ်ပွင့် မေဆန်မောင့်အနေနဲ့ ချဲလ်ဆီးမှာ ကောင်းကောင်း တန်ဖိုးထားခံရတယ်လို့ မထင်မိကြောင်း၊ မောင့်ဟာ နိုင်ပွဲဆာလောင်စိတ်ရှိပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လူကာကူ မပါရင် ချဲလ်ဆီးက ပိုကောင်းတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြတူချယ်က ဘောလုံးက လူတွေထင်သလို အဲဒီလောက် မရိုးရှင်းကြောင်း လူကာကူဘက်က ကာကွယ် ပြောဆိုခဲ့ပါတယ်။

တူချယ်က ချဲလ်ဆီး လက်ရှိအချိန်မှာ ရလဒ်ကောင်းနေတယ် ဆိုတာ လည်း အရင်က လူကာကူရဲ့ အားထုတ်မှု တွေကြောင့် ပါဝင်ကြောင်း၊ လူကာကူဟာ အဝတ်လဲခန်း အတွင်းမှာလည်း အကူအညီဖြစ်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ဘင်ချီဝဲလ် က အကောင်းဆုံးပုံစံ ပြသနေချိန်မှာ ဒီလိုဒဏ်ရာမျိုးရရှိခဲ့တာ အလွန်စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ ချဲလ်ဆီးနောက်ခံလူ ကသူ့အနေနဲ့ အမြန်ဆုံး ပြန်လာနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။