မန်ယူ ကွင်းသစ် အတွက် ပြည်သူတွေရဲ့ငွေတွေ မသုံးပါဘူးလို့ မြို့တော်ဝန် ကိုယ်တိုင် အသိပေး ရှင်းလင်း
ဂရိတ်တား မန်ချက်စတာမြို့တော်ဝန်ကတော့ ပြည်သူတွေရဲ့ အခွန်ငွေများကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းသစ်စီမံကိန်းတွင် အသုံးပြုလာမည်မဟုတ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ အိုးထရက်ဖို့ဒ်ကွင်းသစ်ကြီး တည်ဆောက်ခြင်း (သို့မဟုတ်) ယင်းကွင်းကိုပင် အဆင့်မြှင့်တည်ဆောက်ခြင်း ပြုလုပ်ရန် စီစဉ်နေပါတယ်။
ဒါပေမဲ့ ဆာဂျမ်ရက်ကလစ်ဖ်က အိုးထရက်ဖို့ဒ်ကို မြောက်ပိုင်း ဝင်ဘာလေကွင်းအဖြစ် မြင်တွေ့လိုနေတာ ဖြစ်ပြီး ပရိသတ် ၁၀၀၀၀၀ ဆန့်ကွင်း တည်ဆောက်ရေး စီမံကိန်းအတွက် ပေါင် ၂ ဘီလီယံကို ပြည်သူ့အခွန်ငွေများဖြင့် တည်ဆောက်ရေး တောင်းဆိုခဲ့ပါတယ်။
ယူနိုက်တက်အနေဖြင့် အိုးထရက်ဖို့ဒ်ကို ပရိသတ် ၁၀၀၀၀၀ ဆန့် ကွင်းအဖြစ် တည်ဆောက်မည်ဆိုပါက မြေနေရာလိုအပ်ချက် ရှိနေမှုနှင့်အတူ ကွင်းဟောင်းစွန့်ပြီး မြေနေရာသစ်တွင် ကွင်းသစ် တည်ဆောက်ရဖို့ ရှိပါတယ်။
ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ပရိသတ် ၇၄၃၁၀ ဦးဆန့်ပြီး ၁၉၁၀ ခုနှစ်ကတည်းက အသုံးပြုလာတာပါ။
ဂရိတ်တား မန်ချက်စတာမြို့တော်ဝန် အင်ဒီဘန်းဟမ်ဟာ ယူနိုက်တက်ရဲ့ ကွင်းသစ်စီမံကိန်းကို ထောက်ခံအားပေးပေမဲ့လည်း ကွင်းသစ်တည်ဆောက်ရေးအတွက် ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုလာမှာ မဟုတ်ဘဲ ပြည်သူ့အခွန်ငွေများကို ကွင်းဝန်းကျင်နှင့် ခရီးသွားလာရေးနှင့်ဆိုင်တဲ့ နေရာများတွင်သာ အသုံးပြုမယ်လို့ ဆိုထာပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ကွင်းသစ်စီမံကိန်းအတွက် ဝင်ဘာလေကွင်းသစ်ဒီဇိုင်း ဖန်တီးရာတွင် ပါဝင်ခဲ့တဲ့ ကမ္ဘာကျော်ဗိသုကာကုမ္ပဏီ Foster + Partners အား ငှားရမ်းထားပြီးလည်း ဖြစ်ပါတယ်။