ဒီရာသီ မန်ယူအသင်းနဲ့ တန်ဟက် ယူမှာ ဘယ်ဖလား ဖြစ်မလဲ ဟားဂရိဗ် သုံးသပ် ဟောကိန်းထုတ်

မန်ယူ ကစားသမားဟောင်းကြီး အိုဝင် ဟားဂရိဗ်က မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဲရစ် တန်ဟက်ရဲ့ ဆုဖလား မှတ်တမ်းကို တိုးမြှင့်နိုင်ဖို့အတွက် အခြေအနေ ကောင်းနေတယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာနဲ့ ရာသီပြီးဆုံးခဲ့ရပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းပြသခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့လို့ ဥရောပရဲ့ ဒုတိယတန်းကလပ်အသင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အိုဝင် ဟားဂရိဗ်ကတော့ တန်ဟက်အနေနဲ့ သူ့ရဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဘဝ တတိယမြောက်ဖလားအောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ပစ်မှတ်ထားနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ခင်ဗျားက ချန်ပီယံလိဂ်မှာရှိနေတဲ့အချိန်မှာ အခြားအသင်းတွေရဲ့ အဆင့်အတန်းမျိုးမှာ မရှိဘူးဆိုတာကို လျင်လျင်မြန်မြန်ပဲ သိခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်က တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့တယ်။ ချန်ပီယံလိဂ်မှာ သူတို့တွေ ပြဿနာရှိခဲ့ကြတယ်။

ဒါပေမယ့် ယူရိုပါလိဂ်ဖလားကို အနိုင်ရဖို့က သူတို့အတွက် အခုရှိနေတဲ့ လူစာရင်းနဲ့ အရမ်းကို လက်တွေ့ဆန်တယ်လို့ ထင်ပါတယ်။ သူတို့တွေ နောက်ထပ်ဆုဖလားတစ်လုံး ရယူဖို့ နည်းလမ်းရှာတွေ့ခဲ့မယ် ဆိုရင်တော့ တန်ဟက်ကတော့ အသင်းမှာ အချိန်အတော်ကြာ ဆက်ရှိဦးမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဂျိုဆေး မော်ရင်ဟိုလက်ထက်မှာ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂ ရာသီက နောက်ဆုံးပါဝင်ယှဉ်ပြိုင်ခဲ့တုန်းကတော့ ဆီဗီလာကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီကို တည်ငြိမ်မှုမရှိတဲ့ ပုံစံနဲ့ စတင်နိုင်ခဲ့ပြီးနောက် ပထမဆုံး လိဂ် ၅ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ နောက်ထပ်တစ်ကြိမ် ဆုဖလားပြိုင်ပွဲတွေမှာ နောက်ထပ် ဖလားတစ်လုံး ရယူနိုင်ဖို့အတွက် မျှော်လင့်နေမှာ ဖြစ်ပါတယ်။