ယူရိုပါလိဂ် အဖွင့်ပွဲ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပြီးနောက် မန်ယူအသင်းကို ပြန်ဝေဖန်ခဲ့တဲ့ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ နယ်သာလန်ကလပ် အက်ဖ်စီ တွမ်တီး အသင်းကို ယူရိုပါလိဂ် ပွဲ ဧည့်ခံ ကစားရာ ၁-၁ နဲ့ သရေကျသွားပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ အဲရစ်ဆင်ရဲ့အမှားကြောင့်ပဲ ယူနိုက်တက်တို့ ချေပဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။
တွမ်တီးအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း တိုက်စစ်မှူးလန်မာစ်က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်တလျှောက်လုံး ယူနိုက်တက်က ပြိုင်ဘက်ကို အသာစီးရယူဖို့ ကြိုးစားခဲ့သလို တွမ်တီးရဲ့တုံ့ပြန်မှုတွေကလည်း ကောင်းမွန်ခဲ့လို့ ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။

နည်းပြ တန်ဟက်ကတော့ ဒီသရေပွဲ အပြီးမှာ သူ့ကိုယ်သူရော အသင်းသားတွေကိုပါ ဝေဖန်ချင်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
” ပွဲစဉ်အများစုမှာ ကျွန်တော်တို့ရဲ့ လုပ်အားက တကယ့်ကို ကောင်းမွန်တာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ ပွဲအတွက်တော့ ကျွန်တော် ဝေဖန်မှုအချို့ လုပ်ချင်ပါတယ်။
ဒါက အသင်းကိုတင် မဟုတ်ပါဘူး၊ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်ရပါ့မယ်။ ကျွန်တော်လည်း အသင်းရဲ့ အစိတ်အပိုင်း တစ်ခုပါ၊ ဒီလို ပွဲစဉ်မျိုးမှာ ကျွန်တော်တို့ရဲ့ အဆုံးသတ်စွမ်းရည် ပိုပြီးတော့ ကောင်းမွန်ခဲ့သင့်ပါတယ် ” လို့ အဲရစ် တန်ဟတ် က ယူရို ပါလိဂ် သရေပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးနှစ်ပွဲဆက် သရေရလဒ်ထွက်ပေါ်ထားမှုနဲ့အတူ ယူနိုက်တက်နည်းပြတန်ဟက်အတွက် ဖိအားအနည်းငယ် ရှိလာပြီး အခုသီတင်းပတ်ကုန်၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် လိဂ်ပွဲစဉ်မှာ ရလဒ်ကောင်းရှာဖွေဖို့ လိုအပ်လာပါတယ်။