ဂါနာချို ကို တန်ဟက် လုပ်ခဲ့တဲ့ အပြုအမူက မဟုတ်သေးဘူးလို့ ထောက်ပြခဲ့တဲ့ နယ်သာလန် ဂန္တဝင်ကြီး

နယ်သာလန် ဂန္တဝင်တိုက်စစ်မှူး ရုဒ် ဂူလစ်က တွမ်တီးနဲ့ကစားခဲ့တဲ့ပွဲက မန်ချက်စတာယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို သဘောမကျခဲ့တဲ့ အပြင် နည်းပြ တန်ဟက် က ဂါနာချို ကို လူစားဝင်ခါနီး လုပ်ခဲ့တဲ့ အပြုအမူကလည်း စိတ်ပျက်စရာပဲ လို့ သုံးသပ် ထောက်ပြသွားပါတယ်။

ယူနိုက်တက် ကွင်းလယ်သမား အဲရစ်ဆင်က ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒုတိယပိုင်းမှာ တွမ်တီးကို ချေပဂိုး ပြန်ပေးခဲ့ရမှုမှာ အဓိက တရားခံဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ၈၁ မိနစ်မှာ အနိုင်ဂိုး သွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့သေးပြီး မိန်းနူးရဲ့ ပင်နယ်တီ တောင်းဆိုမှုကလည်း ငြင်းပယ်ခံခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒုတိယပိုင်းမှာ ကစားပုံတိုးတက်လာအောင် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ရာမှာ ဂါနာချိုက ပထမဆုံး လူစားဝင် ကစားသမားအဖြစ် ထည့်သွင်း ခံခဲ့ရတဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဂျင်တီးနားကြယ်ပွင့်ဟာ အရန်ခုံတန်းရဲ့ လှေကားမှာ ကွင်းထဲဝင်ဖို့ ထိုင်ပြီး ပြင်ဆင်နေခဲ့တာဖြစ်ပြီး တန်ဟက်က ဂါနာချိုရှိတဲ့နေရာကို စကားသွားပြောခဲ့ပြီးနောက် ကွင်းဘေးစည်းမှာ စကားအကြာကြီး ထပ်ပြောခဲ့တာဖြစ်ပါတယ်။

နယ်သာလန်ဂန္တဝင်တိုက်စစ်မှူး ဂူလစ်က ဂါနာချိုအနေနဲ့ ဒီလိုအခြေအနေမှာ တစ်ယောက်တည်းသာ နေချင်နေမှာဖြစ်ပြီး တန်ဟက်အနေနဲ့ ကွင်းဘေးစည်းမှာ ရှိနေသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲရစ် တန်ဟက်က တချိန်လုံး ဂါနာချိုကို စကားတွေ ပြောနေခဲ့တာ ကျွန်တော် မြင်ခဲ့တယ်။ အဲဒီလိုမျိုး အခိုက်အတန့်မှာ ကစားသမားစိတ်ထဲ တွေးနေမယ့်တစ်ခုတည်းသောအရာက ‘ဟိတ်လူ ကျွန်တော့်ဘာသာ တယောက်တည်းအေးဆေးနေလို့မရဘူးလား’ဆိုတာမျိုးပဲ ဖြစ်လိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။