မန်ချက်စတာ ယူနိုက်တက်မှာ သူ ကြုံနေရတဲ့ အကြီးဆုံး ကိစ္စကို နည်းပြ အဲရစ်တန်ဟက် ရင်ဖွင့်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ကလပ်ကြုံတွေ့နေရတဲ့ ကြီးမားတဲ့ ပြဿနာမှာ လုံလောက်တဲ့ ဂိုးမသွင်းနိုင်တဲ့ ပြဿနာဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ကြားရက်တုန်းက အိုးထရက်ဖို့ဒ် မှာ ကန်ရတဲ့ ယူရိုပါလိဂ် ပွဲမှာ နယ်သာလန်ကလပ် တွမ်တီးနှင့် ၁ ဂိုးစီသရေကျကာ စိတ်ပျက်စရာ ရလဒ် ဆက်လက် ပိုင်ဆိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ဖူလ်ဟမ်၊ ဆောက်သမ်တန်တို့ကိုသာ အနိုင်ရရှိထားပြီး ပြီးခဲ့တဲ့အပတ်အကုန်တုန်းက ပဲလေ့စ်နှင့် ဂိုးမရှိသရေကျခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အခုအပတ်တွင် တော့တင်ဟမ် စပါး အသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။
အသင်းမှာ အဓိက ကြုံနေရတဲ့ ပြသနာနဲ့ ပတ်သတ်ပြီး နည်းပြ အဲရစ်တန်ဟက်က
“ဂိုးတွေ မသွင်းနိုင်တာပါ။ ဒါက ပြဿနာပါ။ အသင်းတစ်သင်းအနေနဲ့ ကြီးမားတဲ့ နေရာက ဂိုးတွေ အများကြီးသွင်းနိုင်ဖို့ပါ။ ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ သူတွေ အများကြီးပါ။ ဒါကို အားလုံးလည်း မြင်နိုင်ပါတယ်။
အခွင့်အရေးတွေလည်း ဖန်တီးနိုင်တာ မြင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လုံလောက်တဲ့ဂိုးတွေ မသွင်းနိုင်ပါဘူး”လို့ ပြောကြားသွားပါတယ်။