ချဲလ်ဆီးနဲ့ မန်ယူတို့ရဲ့ သရေပွဲ၊ ဒီဂီယာ ကားရစ် တူချယ်တို့ ပြောစကားတွေနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးကတော့ ညက မန်ယူနဲ့ပွဲမှာတစ်ပွဲလုံးတစ်ဖတ်သက် ကစားနိုင်ခဲ့ပေမဲ့ ဂိုးကံခေနေတာတွေ၊ တိုက်စစ်မှူးတွေ အသုံးမချနိုင်တာတွေ၊ ဒီဂီယာ လက်စွမ်းပြနေတာ တွေကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။ မန်ယူအတွက် သွင်းဂိုးကို ဆန်ချို က အရင် ဦးဆောင် သွင်းခဲ့ပြီး ချဲလ်ဆီးကတော့ ပင်နယ်တီကနေ တဆင် ဂျော်ဂျင်ဟို သွင်းယူခဲ့တာပါ။

မန်စီးတီးအသင်း ကတော့ နှင်းမိုးတွေ သဲသဲနဲ့ ဆိုးဝါးတဲ့ ရာသီဥတုကြားကပဲ ဝက်စ်ဟမ်း အသင်းကို ၂-၁ နဲ့ အနိုင်ယူကာ အဖိုးတန် ၃မှတ်ပြည့် ရယူသွားခဲ့ပါတယ်။

မန်ယူနည်းပြ မိုက်ကယ်ကားရစ်ကတော့ ပင်နယ်တီ ပေးလိုက်ရတာကို မကျေနပ် စိတ်ပျက်နေခဲ့ပြီး ပွဲကို ဦးဆောင်ထားပြီးမှ အမှတ် လုယူခံလိုက်ရလို့ နည်းနည်းတော့ ခါးတယ်လို့ ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

မန်ယူ ဂိုးသမား ဒီဂီယာကတော့ ချဲလ်ဆီးနဲ့ပွဲက သရေရလဒ်ဟာ မိမိတို့အသင်းအတွက် မလုံလောက်ကြောင်း၊ သူတို့ဟာ ဗီလားရီးရဲနဲ့ပွဲမှာကတည်းက တိုးတက်လာခဲ့ကြောင်း၊ တစ်ပွဲလုံး အန္တရာယ်ရှိတဲ့ အငွေ့အသက်ကိုခံစားခဲ့ရပေမဲ့ အသင်း ခံစစ်ကြောင်းက အလွန်ကောင်းမွန်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က မန်ယူနဲ့ပွဲ သရေကျခဲ့ခြင်းအပေါ် ဘောလုံးမှာ ဒီလိုပွဲမျိုးဖြစ်တတ်ကြောင်း၊ အသင်းရဲ့ စွမ်းဆောင် ရည်ပိုင်းကို ကျေနပ်မိကြောင်း၊ မိမိတို့အနေနဲ့ ပွဲအစကတည်းက ပွဲကို လွှမ်းမိုးနိုင်ခဲ့ကြောင်း၊သူတို့အသင်းဟာ နိုင်လိုစိတ်ပြင်းပြပြီး တစ်ပွဲလုံး တိုက်စစ် မနားတမ်း ကစားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ ဘန်လေနဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို နှင်းများစွာဖုံးလွှမ်းကာ ရာသီဥတု အခြေအနေ ဆိုးရွားနေလို့ ပွဲမတိုင်ခင် မိနစ် ၅၀ အလိုလောက်မှာ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ရီးရဲမက်ဒရစ် ကွင်းလယ်လူ မိုဒရစ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်လျက် ရှိနေပါတယ်။ မိုဒရစ်အနေနဲ့ လာမဲ့နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီးကို ပြောင်းရွှေ့လိုနေတာပါ။

ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီ က အသင်းရဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမှုအား ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဘာစီနည်းပြသစ် ဇာဗီအနေနဲ့ဒမ်ဘီလီကို စာချုပ်သက်တမ်း တိုးမြှင့် လိုနေတာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက နယူးနဲ့ပွဲမှာ ရရှိသွားခဲ့တဲ့ ဆာကာရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း၊ ဆာကာအနေနဲ့ ကြွက်သားမှာ တစ်ခုခုခံစားခဲ့ရပြီး ပွဲ ဆက်လက် ကစားဖို့ မဖြစ်နိုင် တော့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

လီဗာပူးအနေနဲ့ လူငယ်ကြယ်ပွင့်နီကိုဝီလီယံကို ပေါင် ၁၀ သန်းရရှိရင်ပဲ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ဝေးလ် လက်ရွေးစင် နောက်ခံလူဟာ အန်ဖီးလ်မှာ ပုံမှန် ကစားနိုင်ဖို့ ရုန်းကန်နေရပြီးပွဲထွက်ခွင့်ရမဲ့အသင်းကို ပြောင်းလိုနေတာပါ။