နည်းပြသစ် ဖြစ်လာဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ မျှော်လင့်အလိုရှိနေသူ
နည်းပြ အဲရစ်တန်ဟက်ဟာ ဒီအပတ်ထဲမှာ ယှဉ်ပြိုင်ကစားမယ့် ပေါ်တိုနဲ့ ယူရိုပါလိဂ်၊ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ သာ ရလဒ်မကောင်းခဲ့ရင် ယူနိုက်တက်နဲ့ လမ်းခွဲရနိုင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ တာထွက်ညံ့နေသလို ယူရိုပါလိဂ်မှာလည်း နိုင်ပွဲမရသေးတဲ့နောက် နည်းပြ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုက်တွန်းချက်တွေ ထွက်ပေါ်နေပါပြီ။
ယူနိုက်တက် အကြီးအကဲတွေဘက်က အလျင်စလို မလုပ်ဖို့ ဆုံးဖြတ်ထားပေမယ့် နည်းပြကိစ္စဟာ ကြိုတင်ပြင်ဆင်မှု ရှိရတော့မှာကို နားလည်ထားပါတယ်။

တန်ဟက်နေရာမှာ အစားဝင်လာဖို့ နည်းပြအချို့က သတင်းကြီးနေတာ ရှိပါတယ်။ အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်နဲ့ ချယ်ဆီးနည်းပြဟောင်း တူချယ်တို့ဟာလည်း ယူနိုက်တက် နည်းပြသစ်ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ယူနိုက်တက် ကစားသမားတွေကတော့ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် လက်ရှိ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ သရဲနီ တိုက်စစ်မှုးဟောင်းကြီး နစ္စတယ်ရွိုင်းကိုပဲ နည်းပြချုပ်အဖြစ် ရာသီကုန်ထိ တာဝန်ပေးစေချင်နေကြပါတယ်။
အသက် ၄၈ နှစ်အရွယ် နစ္စတယ်ရွိုင်းဟာ ၂၀၂၂-၂၀၂၃ အတွင်းမှာ ပီအက်စ်ဗီအသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူဖူးတာကလွဲလို့ လူငယ်အသင်းမှာပဲ အဓိက တာဝန်ယူဖူးသူ ဖြစ်ပါတယ်။