နှစ်ပွဲဆက် အနီကတ်ပြခံခဲ့တဲ့ ဖာနန်ဒက်စ် တစ်ယောက် ကံသီလို့ လွတ်သွားတဲ့ တစ်ချက်
အရင်ရက် စပါးနဲ့ပွဲမှာ အနီကဒ်ပြသခံခဲ့ရဖူးတဲ့ ဖာနန်ဒက်စ်တစ်ယောက် ယနေ့မနက် ပေါ်တိုနဲ့ သရေကျခဲ့တဲ့ ပွဲမှာလည်း အနီကဒ် ထပ်မံပြသခံခဲ့ရပါတယ်။
စိတ်ခံစားချက်ပြင်းထန်လွန်းတဲ့ ဖာနန်ဒက်စ်ဟာ မကြာခဏ ကွင်းလယ်ဒိုင်ကို ဖိအားပေး ပြစ်တင်မှုတွေ ပြုလုပ်လေ့ရှိသလို အဝါကဒ်လည်း ခဏခဏ ပြသခံနေရသူ တစ်ယောက် ဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ ချိန်သားမကိုက် ဖြစ်သွားတဲ့ ဖျတ်ထုတ်မှုနဲ့အတူ ခြေထောက်မြှောက်ပြီး ဘောလုံးလုယူခဲ့တာကြောင့် အနီကဒ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။
ယခုတစ်ခေါက်ပွဲမှာ မန်ယူအသင်းဟာ ဟော့ဂျ်လန်း၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ အာမတ် စတဲ့ တိုက်စစ်အစုအဖွဲ့နဲ့အတူ ကွင်းလယ်မှာ ကာဆာမဲရိုးနဲ့ အဲရစ်ဆင်တို့ကို ပွဲထုတ်သွားခဲ့ပြီး မာတီနက်ဇ်နဲ့ ဒီလစ်ဂျ်တို့ အတွဲကို နောက်တန်းဗဟိုမှာ ဆက်လက် အသုံးပြုသွားခဲ့ပါတယ်။
နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကစားသွားခဲ့ကြပြီး မန်ယူအသင်းက အနည်းငယ်အသာစီးရယူနိုင်ခဲ့ကာ ဉီးဆောင်ဂိုးတွေ အရင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ ဟော့ဂျ်လန်းတို့က ပွဲအစ ၇ မိနစ်နဲ့ မိနစ် ၂၀ တို့မှာ သွင်းဂိုးတွေ စတင်သွင်းယူနိုင်ခဲ့ပေမယ့် ပေါ်တိုအသင်းက မိနစ် ၅၀ အတွင်း သွင်းဂိုး သုံးဂိုးပြန်သွင်းသွားခဲ့တာကြောင့် မန်ယူတို့ အသည်းအသန် ပြန်လည် ကစားခဲ့ရပြီး လူစားဝင် ကစားသမား မက်ဂွိုင်းယားရဲ့ အချိန်ကိုက်ကယ်တင်ပေးမှုကြောင့်သာ မန်ယူတို့ အချိန်ပိုမှာ ချေပဂိုး ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ကတော့ ယခုပွဲမှာ မလိုအပ်တဲ့ ဖျတ်ထုတ်မှုကြောင့် အနီကဒ် ပြသခံခဲ့ရတာ ဖြစ်ပြီး မက်ဂွိုင်းယားသာ ချေပဂိုး မသွင်းယူနိုင်ခဲ့ပါက ယနေ့ရှုံးပွဲရဲ့ တရားခံက ဖာနန်ဒက်စ် အဖြစ် မီဒီယာတွေက ဝိုင်းဝန်း ထိုးနှက်ကြဉီးမှာ ဖြစ်ပါတယ်။