ပေါ်တိုနဲ့ ပွဲ သရေကျသွားပြီးနောက် မန်ယူမှာ ဆက်နေမယ်၊ ဆုဖလားတွေ အရယူမယ်လို့ နည်းပြ တန်ဟက် ကြုံးဝါးသွား
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညတုန်းက အဝေးကွင်း သွားရောက်ပြီး ပေါ်တိုနှင့် ကစားတဲ့ပွဲ ရလဒ်ကတော့ အနိုင်ရလဒ် မရခဲ့ပါဘူး။
ထိုပွဲ မှာ ယူနိုက်တက်ဟာ ရက်ဖို့ဒ်၊ ဟွိုင်းလန်းတို့ရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးမှ ပေါ်တိုရဲ့ ၃-၂ ဂိုးဖြင့် ပြန်လည် ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ ပွဲပြီးခါနီး ၁၀ မိနစ်အလိုတွင် ဘရူနိုဖာနန်ဒက်စ် အထုတ်ခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမဲ့ ဟယ်ရီမက်ဂွိုင်းယားရဲ့ အချိန်ပိုချေဂိုးကြောင့် ၃ ဂိုးစီသရေကျခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ ယခုရာသီတွင် ရလဒ်ဆိုးရွားမှုကြောင့် ဖိအားများစွာ ကြုံနေရသူ ဖြစ်ပြီး ပေါ်တိုနှင့်ပွဲ၊ ဗီလာနှင့်ပွဲတို့တွင် ရလဒ်မကောင်းပါက ထုတ်ပယ်ခြင်းခံရမယ်လို့ ယုံကြည်ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ အဲရစ်တန်ဟက်က ယူနိုက်တက်မှာ ဆုဖလားများအတွက် ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ပေါ်တိုနှင့်ပွဲအပြီးတွင် အဲရစ်တန်ဟက်က “အခုအချိန်မှာ ကျွန်တော်တို့ကို မဆုံးဖြတ်ပါနဲ့။ ရာသီအကုန်မှ ဆုံးဖြတ်ပါ။ ကျွန်တော်တို့က တည်ဆောက်နေတုန်းပါ။ ပိုကောင်းလာအောင် လုပ်ရဦးမယ်။ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲတွေ ရောက်ခဲ့တဲ့ နှစ်ရာသီ ပိုင်ဆိုင်ခဲ့တယ်။ ဆက်ပြီးတော့လည်း တိုက်ပွဲဝင်သွားဦးမယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အိုးထရက်ဖို့ဒ်တွင် စပါးစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာသို့ ကျရောက်နေပါတယ်။
ဆက်လက်ပြီး အဲရစ်တန်ဟက်က “နည်းပြအဖွဲ့နဲ့ အသင်းအကြား စိတ်ဓာတ်နဲ့ဆက်နွယ်မှုကို မြင်နိုင်ပါတယ်။ ကစားသမားတွေ စည်းလုံးကြတယ်။ သူတို့မှာ သန်မာတဲ့ စိတ်ဓာတ်ရှိတယ်။ ပြီးတော့ သူတို့ အောင်မြင်ချင်ကြတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ရှိပါတယ်။
ဒါပေမဲ့ ခံစစ်ပိုင်းအချို့ကိုတော့ ပြင်ရမယ်။ ၃ ပွဲဆက်ဂိုးမပေးခဲ့ရတာ သိပ်မကြာသေးပါဘူး။ ဒီတော့ ခံစစ်ပိုင်းပိုကောင်းလာနိုင်သေးတယ်။ ဒါပေမဲ့ ဒီအကျင့်တွေ ပြန်ရအောင် လုပ်ရမယ်”လို့ ပြောကြားသွားပါတယ်။
အဲရစ်တန်ဟက်က သူနှင့် သူ့အသင်းအပေါ် အားရကျေနပ်နေပေမဲ့လည်း မှတ်တမ်းများအရ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းက စိတ်ပျက်စရာပါ။
၂၀၂၂ ခုနှစ်တွင် ယူနိုက်တက်သို့ အဲရစ်တန်ဟက်ရောက်လာပြီးနောက် ယူနိုက်တက်မှာ ပြိုင်ပွဲအရပ်ရပ်တွင် ၃ ဂိုးနှင့်အထက် ပေးရတဲ့ပွဲ ၂၄ ပွဲအထိ ပိုင်ဆိုင်ထားကာ အခြားပရီးမီးယားလိဂ်အသင်းများထက် များပြားနေပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီမှ စတင်ကာ ယခုအချိန်အထိ ၆၂ ပွဲကစားခဲ့ရာမှာ ၃၁ ပွဲဂိုးပေးခဲ့ရပြီး အခြားပရီးမီးယားလိဂ်အသင်းများထက် ဂိးပေးရတဲ့ပွဲ များပြားနေပါတယ်။
ယူနိက်တက်ဟာ ယခုရာသီတွင် ဂိုးမပေးရတဲ့ပွဲ ၄ ပွဲ ပိုင်ဆိုင်ထားပေမဲ့လည်း ပေါ်တိုနှင့် သရေကျမှုနှင့်အတူ ဥရောပပြိုင်ပွဲ ၅ ပွဲဆက် နိုင်ပွဲပျောက်နေပါတယ်၊