မန်ယူက ဒီရာသီ EPL မှာ တတိယမြောက် အမြင့်ဆုံး မှတ်တမ်းကောင်း တခု ရထားကြောင်း တန်ဟက် ထောက်ပြ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေပေမယ့် ပရီးမီးယားလိဂ်မှာ expected goals xG ပိုင်း အရ တတိယမြောက် အမြင့်ဆုံးအသင်း ဖြစ်တယ်လို့ နည်းပြ အဲရစ် တန်ဟက် က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက် ဟာ ဒီရာသီမှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ထဲ (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ဘန်စလေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား တတိယအဆင့်မှာလည်း (၇)ဂိုး ဂိုးမရှိနဲ့ပင် အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း အဲ့ဒီ(၂)ပွဲကို ဖယ်ထားလိုက်မယ်ဆိုရင် ကျန်တဲ့ (၆)ပွဲမှာ (၃)ဂိုးသာ သွင်းယူထားနိုင်ခဲ့အထိ တိုက်စစ်ပိုင်းက ဆိုးရွားလို့နေပါတယ်။
ဒါ့အပြင် ဒီနွေမှာ ခံစစ်ပိုင်း ကစားသမားသစ် (၃)ဦးအထိ အားဖြည့်ခေါ်ယူထားခဲ့ပေမယ့်လည်း ဒီရာသီ ခံစစ်ပိုင်းကလည်း အားရစရာ ရှိမနေသေးသလို တိုက်စစ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲထဲ (၁)ဂိုးသာ ရထားခဲ့တဲ့အထိ အားနည်းလွန်းနေပါတယ်။

ဝေဖန်မှုတွေ ခံယူရေပေမယ့် ယူနိုက်တက်ဟာ ထင်သလောက် အခြေအနေ မဆိုးပဲ အချက်အလက်ကောင်းတွေ ရှိနေတယ်လို့ တန်ဟက် က အခုလို ဆိုခဲ့တာပါ။
“ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တယ်။ ပရီးမီးယားလိဂ်မှာဆိုရင် expected goals xG အပိုင်းမှာ တတိယ အမြင့်ဆုံး အသင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ final third နဲ့ ဂိုးဧရိယာထဲမှာ ပိုပြီး တိုးတက်လာဖို့ လိုအပ်နေသေးတယ်။
ဒီလို နေရာတွေ ရောက်ပြီဆိုတာနဲ့ လုံးဝ သားသတ်သမားတွေလိုမျိုး ဖြစ်နေရမှာ။ ကျွန်တော်တို့အသင်းက တိုက်စစ် ကစားသမားတွေမှာ ဒီလို စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်မှုမျိုး ရှိနေကြပါတယ်။ အဲ့ဒါတော့ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
အမှတ်ပေးဇယားမှာတော့ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က အဆင့် ၁၃ နေရာမှာသာ ရှိနေပါတယ်။