တန်ဟက်ကို ထုတ်၊ မထုတ်က သူနဲ့ မဆိုင် လို့ ငြင်းချက်ထုတ်လိုက်တဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်

မန်ချက်စတာယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်က ဖိအားများနေတဲ့ နည်းပြ အဲရစ်တန်ဟက်ရဲ့ အနာဂတ်မှာ မိမိဆုံးဖြတ်ချက်အပေါ်တွင် မမူတည်ကြောင်း ပြောကြားလိုက်ပါတယ်။

ဗြတိန် ဘီလျှံနာ သူဌေးကြီး ဟာ ဖေဖော်ဝါရီလတုန်းက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇ ရာခိုင်နှုန်းကျော်ကို ဝယ်ယူပြီးနောက် ယူနိုက်တက်ရဲ့ဘောလုံးရေးရာကိစ္စရပ်များကို လွှမ်းမိုးလုပ်ဆောင်နေပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် အဲရစ်တန်ဟက်ကို ထုတ်ပယ်ရန် စီစဉ်ထားခဲ့ပေမဲ့လည်း အက်ဖ်အေဖလားဆွတ်ခူးပြီးနောက် ၁ နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ယူနိုက်တက်ဟာ ရာသီအစ ရလဒ်ဆိုးရွားမှုများနှင့် ကြုံနေရပြီး အဲရစ်တန်ဟက်အနာဂတ်မှာလည်း မရေမရာ ဖြစ်လာပါတယ်။

အဲရစ်တန်ဟက်အပေါ်တွင် ယုံကြည်မှု ရှိသေးသလားလို့ မေးမြန်းလာချိန်မှာတော့ ဆာဂျင်ရက်ကလစ်ဖ်က “ဒီမေးခွန်းကိုတော့ မဖြေပါရစေနဲ့”လို့ ဆိုသွားပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲကစားထာရာမှာ ၃ ပွဲတည်းသာ အနိုင်ရထားပြီး နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။ ၎င်းတို့ဟာ တနင်္ဂနွေနေ့တွင် ဗီလာပါ့ခ်သို့ သွားရောက်ကာ ဗီလာနှင့် ရင်ဆိုင်ကစားရပါမယ်။

ဆက်လက်ပြီး ရက်ကလစ်ဖ်က “အဲရစ်ကို သဘောကျတယ်။ သူက အရမ်းတော်တဲ့နည်းပြပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော့်အပေါ်မာ မမူတည်နေပါဘူး။ မန်ချက်စတာယူနိက်တက်ကို ဦးဆောင်နေတဲ့ စီမံခန့်ခွဲရေးအဖွဲ့ရှိပါတယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်မဲ့အရာကို ဘက်ပေါင်းစုံကနေ စဉ်းစားပြီး ဆုံးဖြတ်ကြပါလိမ့်မယ်။

ဒါပေမဲ့ ဒီအသင်းက ယူနိုက်တက်ကို အတူတကွ ဦးဆောင်လာတာ ဇွန်(သို့မဟုတ်)ဇူလိုင်တုန်းကမှပါ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေတုန်းက သူတို့ မရောက်ကြသေးပါဘူး။ အိုမာ(စီအီးအို)၊ ဒန်းအက်ရှ်ဝတ်ရှ်(အားကစားဒါရိုက်တာ)တို့က ဇူလိုင်လကမှ ရောက်လာကြတာပါ။

သူတို့ ရောက်လာကြတာ မကြာသေးဘူး။ ရက်သတ္တပတ်ပိုင်းလောက်ပဲ ရှိသေးတယ်လို့တောင် ပြောလို့ရတယ်။ သူတို့ အတူတကွ လုပ်တာ မကြာသေးဘူး။ ဒီတော့ သူတို့အနေနဲ့ ခေါင်းအေးအေးထားစဉ်းစားပြီး ဆုံးဖြတ်ချက်ချရပါမယ်။

ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ကို ရှိသင့်ရှိထိုက်တဲ့နေရာသို့ ပြန်ပို့ချင်တယ်။ အခုတော့ မရောက်သေးပါဘူး။ ဒါက အတိုင်းသာမြင်ရပါတယ်”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ၂ နှစ်တွင် ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့ ရယူပေးထားပါတယ်။

ဒါပေမဲ့ အဲရစ်တန်ဟက်ဟာ လာမယ့် ဗီလာနှင့်ပွဲစဉ်တွင် ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိပါက နိုင်ငံတကာပွဲစဉ်များမတိုင်မီ ထုတ်ပယ်ခြင်းခံလာရဖို့ ရှိနေပါတယ်။