မန်ယူကို မနိုင်ခဲ့တာကို စိတ်ပျက်မိတယ်လို့ ထုတ်ပြောခဲ့တဲ့ ချဲလ်ဆီး နည်းပြတူချယ်

ချဲလ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ တူချယ် ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်မယူနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာ လောလောလတ်လတ် နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ပြေးလမ်းကြောင်းမှာ အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီး ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာ ဂိုးပေါက် ခြိမ်းခြောက်မှု အသာ ဘောလုံး ဖြန့်ဝေမှု အသာ အစရှိတဲ့ အခန်းကဏ္ဍ ပေါင်းစုံမှာ ပြတ်ပြတ်သားသား လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ရလာတဲ့ half-chance အချို့ကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။

ပိုဆိုးခဲ့တာ က ဒုတိယပိုင်း အစလေးမှာပဲ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ မန်ယူနိုက်တက်ဖက်က ထောင့်ကန်ဘော ရှင်းထုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို ဖမ်းထိန်းဖို့ ကြိုးစားရင်း မပီမပြင် ဖြစ်ခဲ့တာက တဆင့် တန်ပြန်တိုက်စစ် ဆင်ဖို့ တက်လာတဲ့ ယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒင် ဆန်ချိုကို အလကား လက်ဆောင်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကို အဆက်မပြတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၆ကြိမ် အထိ ရှိခဲ့ကာ ၆ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ကြိမ် အထိ ရခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ရရှိခဲ့တဲ့ သွင်းဂိုးကလည်း ဂျော်ဂျင်ဟိုရဲ့ အမှားအယွင်း မရှိတဲ့ ပင်နယ်တီ ကန်သွင်းချက် ကနေ ရရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကလည်း သူတို့အသင်းရဲ့ ကစားပုံဟာ အနိုင်ရရှိဖို့ လုံလောက်ခဲ့ပေမယ့် သရေတမှတ်သာ ရရှိခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

တူချယ်က “ကျွန်တော်တို့တွေ ခြေစွမ်းကောင်းရက်နဲ့ ဒီပွဲကို သရေကျသွားလို့ အံ့ဩစရာတော့ မရှိပါဘူး။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ ဒီရာသီမှာ ဒီလိုမျိုး ဖြစ်တာ ၂ကြိမ် ရှိပါပြီ။ ဘန်လေနဲ့ပွဲမှာရော မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာပါ ကျွန်တော်တို့ရဲ့ ကစားပုံက အရမ်းကို ကောင်းခဲ့ပေမယ့် ကျွန်တော်တို့တွေ သရေတမှတ်ပဲ ရရှိခဲ့ပါတယ်။

ဒီအတွက် အတော်လေးကို စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တွေက ပွဲတပွဲကို အနိုင်ရရှိဖို့ အတွက် ပြသရမယ့် စွမ်းဆောင်ရည်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပေမယ့် အမှတ်လျော့ခဲ့ရလို့ပါ” လို့ ထုတ်ဖော် ပြောကြားလိုက်တာပါ။