ကိုယ့်စံချိန် ကိုယ်ပြန်ချိုးခြင်း၊ အဝေးကွင်းမှာ မန်ယူတာဝန်ရှိသူတွေ တန်းစီ လာကြည့်ခြင်းနဲ့ နောက်ဆက်တွဲများ

မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက ဗီလာနှင့် ဂိုးမရှိသရေကျပြီးနောက် ၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။

ထို ပွဲစဉ်ဟာ အဝေးကွင်း ဗီလာပါ့ခ်မှာ ဖြစ်ပေမယ့် ယူနိုက်တ်က အကြီးအကဲတွေ တသီတတန်းကြီး လာရောက် ကြည့်ရှုခဲ့ကြတာ တွေ့ရပါတယ်။

ပွဲကြည့်စင်မှာ ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ကိုလည်း တွေ့ရပြီး ယူနိုက်တက်စီအီးအို အိုမာဘာရီဒါ၊ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝတ် တို့လည်း ရှိနေခဲ့ကြပါတယ်။

ရက်ကလစ်ဖ်ဟာ ပွဲအပြီးတွင် အိုမာဘာရီဒါ၊ ဒန်အက်ရှ်ဝတ်တို့နှင့်အတူ စကားပြောနေတာကိုလည်း တွေ့ရပါတယ်။ ဗီလာပွဲပြီး ၄၈ နာရီ အတွင်းမှာ ဂလေဇာ၊ ရက်ကလစ်ဖ်တို့ပါ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေး တစ်ခု ပြုလုပ်ဖို့ ရှိနေတယ်လည်း သတင်းထွက်နေတာပါ။

အဲရစ်တန်ဟက်ကတော့ သူ့နည်းပြရာထူး အပေါ် ယုံကြည်မှု ရှိနေပြီး အခြေအနေ ယိမ်းယိုင်နေရင် မန်ချက်စတာ ယူနိုက်တက်တာဝန်ရှိသူများက အသိပေးလာလိမ့်မှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

“ဘာမှ ကွဲပြားသွားတယ်လို့ မထင်ပါဘူး။ တခုခုဆို သူတို့ အသိပေးမှာပေါ့။ ကျွန်တော်တို့အကြား ဆက်ဆံရေးက အရမ်းပွင့်လင်းပါတယ်။ ကျွန်တော်တို့ နေ့တိုင်း စကားပြောဖြစ်တယ်။ ဒီတော့ သူတို့နဲ့ စကားပြောဖြစ်မှာပါ”လို့ ပြောကြားသွားပါတယ်။

အနာဂတ်နှင့်ပတ်သက်ပြီး ပြင်ပတွင် ဆူညံနေမှုအပေါ် တန်ဟက်က “ခင်ဗျားပြောတာ အရမ်းကောင်းတယ်။ ပြင်ပဆူညံမှု။ အတွင်းမှာ ကျွန်တော်တို့လည်း အရမ်းစိတ်ပျက်နေတယ်။ ပိုကောင်းအောင် လုပ်ရမယ်ဆိုတာ သိပါတယ်။ အထူးသဖြင့် ဂိုးတွေ သွင်းနိုင်ဖို့ လိုအပ်တယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ အပြီးတွင် ရမှတ် ၈ မှတ်တည်းသာ ရရှိထားကာ ယူနိုက်တက်သမိုင်းတွင် အဆိုးရွားဆုံး ရာသီ အစမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

ယခင်တုန်းက ယူနိုက်တက်သမိုင်းတွင် အဆိုးရွားဆုံးရာသီအစအဖြစ် အဲရစ်တန်ဟက် (၂၀၂၃-၂၄/၉ မှတ်)၊ အိုလီဂန်းနားဆိုးလ်ရှား(၂၀၁၉-၂၀/၉ မှတ်)တို့ ရပ်တည်ထားခဲ့ကြတာပါ။

အဲရစ်တန်ဟက်ဟာ သူ့ရဲ့ စံချိန်ဟောင်းကို ၈ မှတ်ဖြင့် စံချိန်သစ်ရေးထိုးလာတာလည်း ဖြစ်ပါတယ်။