ဂါနာချို နှုတ်ထွက်ခြင်း၊ ဆွေးနွေးတော့မယ့် တူချယ်၊ တန်ဟက်အတွက် ငွေပိုကုန်သွားတဲ့ ဆုံးဖြတ်ချက်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချိုဟာ ဒူးဒဏ်ရာပြဿနာကြောင့် ဗင်နီဇွဲလား၊ ဘိုလီးဗီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမဲ့ အာဂျင်တီးနားအသင်းမှ နှုတ်ထွက်လိုက်ရပါတယ်။

အသက် ၂၀ နှစ်ရှိ ကစားသမားဟာ တနင်္ဂနွေနေ့တုန်းက အက်စတွန်ဗီလာနှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်အား မိနစ် ၉၀ ပြည့်ကစားခဲ့ပေမဲ့ ဘယ်ဖက်ဒူးအား တိတ်ပတ်ထားတာ တွေ့ရပါတယ်။

အာဂျင်တီးနားဟာ အလီဂျန်ဒရိုဂါနာချိုရဲ့နေရာမှာ လက်စတာမှ ဖာကန်ဒိုဘွာနာနော့တီနှင့် အစားထိုးခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ကိုဘီ မိုင်နူးမှာလည်း ဗီလာနဲ့ပွဲနှောင်းပိုင်းတွင် ဒဏ်ရာရရှိပြီးနောက် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပြီးနောက် အင်္ဂလန်ရဲ့အောက်တိုဘာလ နေးရှင်းလိဂ်ပွဲစဉ်များကို လွဲချော်သွားပါတယ်။

အင်္ဂလန်ဟာ ကြာသပတေးနေ့တွင် ဝင်ဘာလေကွင်းမှာ ဂရိကို ဧည့်ခံကစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ဟယ်ဆင်ကီမှာ ဖင်လန်နှင့် ရင်ဆိုင်ကစားရပါမယ်။

မန်ယူ ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ မနေ့ညတုန်းက ဖီအိုရင်တီးနားက အေစီမီလန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ၁ ပွဲတည်း ပင်နယ်တီ ၂ ကြိမ် ကာကွယ်လာပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာ အဲရစ်တန်ဟက်နေရာတွင် အစားထိုးရန်အတွက် အင်္ဂါနေ့တွင် ဂျာမန်လူမျိုးနည်းပြသောမတ်စ်တူချယ်နှင့် ဆွေးနွေးလာတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ အဲရစ်တန်ဟက်နဲ့ ၂၀၂၄-၀၅ ရာသီအထိ ၁ နှစ်စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် တကယ်လို့ စာချုပ်မပြည့်ခင် အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်မယ်ဆိုရင် မြင့်မားတဲ့ လျော်ကြေးငွေ ပေးချေရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်မယ်ဆိုရင် ပေါင် ၁၀ သန်းသာ လျော်ကြေးပေးရမှာဖြစ်ပေမဲ့ စာချုပ်ထပ်ချုပ်ခဲ့တဲ့အတွက် အခုအချိန်မှ ထုတ်မယ်ဆိုရင် ပေါင် ၁၇.၅ သန်းအထိ လျော်ကြေးပေးရမှာဖြစ်တယ်လို့ သိရပါတယ်။