မက်ဂွိုင်းယား ဒဏ်ရာ ရရှိသွားခြင်းနဲ့ အဲရစ်တန်ဟက် အတွက် ထိုးနှက်ချက် ဖြစ်လာတဲ့ ဂေါင်းကြိးရဲ့ အခြေအနေ
မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။ ဒါက ဖိအားများနေတဲ့ အဲရစ်တန်ဟက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ယူရိုပါလိဂ်ပွဲမှာ မက်ဂွိုင်းယား ကယ်တင်ပေးလို့သာ ပေါ်တိုကို မရှုံးခဲ့တာဖြစ်ပြီး မဟုတ်ရင် ပေါ်တိုနဲ့ပွဲအပြီးမှာကတည်းက အဲရစ်တန်ဟက်တစ်ယောက် အထုတ်ခံရဖို့ရှိနေပါတယ်။
အခုအချိန်မှာတော့ အဲရစ်တန်ဟက်ကို ကယ်တင်ပေးခဲ့တဲ့ မက်ဂွိုင်းယားဟာ ဒဏ်ရာကြောင့် ရက်အတော်ကြာ အနားယူရတော့မှာပဲဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာနဲ့ ဂိုးမရှိသရေကျတဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ ဒီလိဂ်နဲ့လူစားလဲခံခဲ့ရသလို ပွဲအပြီးမှာ ခြေထောက်အကာအကွယ်ဖိနပ် Protective Boot စီးကာ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။
အခု မက်ဂွိုင်းယားဟာ သူ့ရဲ့ဒဏ်ရာသတင်းကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ဘယ်လို ဒဏ်ရာရခဲ့လဲဆိုတာ ကိုတော့ မဖော်ပြခဲ့ပါဘူး။

Instagram မှာ မက်ဂွိုင်းယားက “ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူမှာဖြစ်လို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါမယ်”ဆိုပြီး Post တင်ခဲ့ပါတယ်။
သတင်းတချို့ကတော့ မက်ဂွိုင်းယားဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလကုန်အထိ အနားယူရဖို့ရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းမှာ ယော်ရို၊ မာလာစီယာ၊ လုခ်ရှောတို့ဟာ ကာလရှည်အနားယူနေရသလို ကိုဘီမင်နူး၊ ဂါနာချို၊ မက်ဇ်ယောင်ယီတို့ဟာလည်း ဒဏ်ရာတွေကြောင့် နိုင်ငံတကာပွဲတွေကစားမဲ့ သက်ဆိုင်ရာ လက်ရွေးစင်အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဘရန့်ဖို့ဒ်နှင့် ရင်ဆိုင်ကစားရပါမယ်။