ပြိုင်ဘက်တွေကို ကျော်ပြီး ဟာလန်းကို ခေါ်ယူနိုင်မယ် ပိုမို ယုံကြည်လာတဲ့ မန်ယူ
ယူနိုက်တက်ဟာ မကြာခင် ယာယီနည်းပြဖြစ်လာမယ့် ရန်းနစ်နဲ့ ဒေါ့မွန်တိုက်စစ်သမား ဟာလန်းကြား ဆက်ဆံရေးကောင်းတွေကြောင့် တိုက်စစ်သမားကို မန်ချက်စတာထံ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိလာနေကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။
ယူနိုက်တက်ဟာ ဟာလန်းကို ကာလရှည် အထင်ကြီးထားခဲ့တာဖြစ်ပြီး နော်ဝေသား တိုက်စစ်သမားကို ခေါ်ယူရေးမှာ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ အပြိုင်ဖြစ်နေခဲ့တာပါ။
ယာယီနည်းပြဖြစ်လာမယ့် ရန်းနစ်ဟာ မိုဒီမှ ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၇.၂ သန်းဖြင့် ဆဲလ်ဘတ်ထံ ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးကပဲ ဟာလန်းကို မန်ချက်စတာထံ ခေါ်ယူရေးမှာ အခွင့်အရေးဖြစ်လာစေဖို့ မျှော်လင့်လာနေကြတာဖြစ်ပါတယ်။

ဟာလန်းဟာ ၂၀၂၀ ဇန်နဝါရီတုန်းက ဆဲလ်ဘတ်ကနေ ထွက်ခွာလာချိန်မှာ ယူနိုက်တက်ထံ ပြောင်းခွင့်ရခဲ့ပေမယ့် ပုံမှန်ပွဲကစားခွင့်နဲ့ သူ့ရဲ့ တိုးတက်မှုပိုင်းအရ ဒေါ့မွန်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့အချိန်တုန်းက ဟာလန်း ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေကို ယူနိုက်တက်ဘက် အပြည့်အဝ လိုက်လျောနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း သတင်းထွက်ခဲ့ပါတယ်။
ဒေါ့မွန်နဲ့ ဟာလန်းရဲ့ ဖခင်အပြင် ရွိုင်းအိုလာတို့ရဲ့ ဆွေးနွေးမှုမှာ ကစားသမားရဲ့ အနာဂတ် ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ မျှဝေမှုပိုင်းဆိုင်ရာအတွက် သဘောတူညီမှု တစ်ခုလည်း ရခဲ့ကြတယ်လို့ သိရတယ်။
ဆဲလ်ဘတ်အတွက် ဘောလုံးဒါရိုက်တာအဖြစ် အလုပ်လုပ်ဖူးတဲ့ ရန်းနစ် ယူနိုက်တက်ထံ ယာယီနည်းပြအဖြစ် ဝင်ရောက်လာမှာဖြစ်ကာ နောက်ထပ် ၂ နှစ်ထိ အရေးကြီး တာဝန်တစ်ရပ်ကို ထမ်းဆောင်ဖို့ ရှိနေသေးတာဖြစ်ပါတယ်။ ဒါဟာ ဟာလန်းကို ခေါ်ယူရေးမှာ အခွင့်အရေးတစ်ခု ရလာစေမယ်လို့ ယူနိုက်တက်က မျှော်လင့်လာနေပါတယ်။
ရန်းနစ်ဟာ ရာသီကုန်ထိ ယူနိုက်တက်ကို ကိုင်တွယ်မှာအတွက် ပေါင် ၁၀ သန်း ဝန်းကျင်ရမှာဖြစ်သလို ထိပ်ဆုံး ၄ သင်းထဲ ဝင်ခဲ့မယ်ဆိုရင်တော့ နောက်ထပ် ပေါင် ၂ သန်း ရရှိမှာဖြစ်ပါတယ်။