၃ လ လောက်ထိ နားရမယ် သတင်းထွက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ်
ဒီနွေမှ ရောက်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ မာဇာရာဝီ ဟာ နှလုံးခုန်မြန်တဲ့ ဝေဒနာ ခံစားနေရတာကြောင့် နှလုံးရောဂါနဲ့ပတ်သက်တဲ့ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ဘိုင်ယန်မြူးနစ်ကနေ ယူနိုက်တက်ကို ပေါင် ၁၇ သန်းနဲ့ရောက်ရှိခဲ့သူ မမာဇာရာဝီဟာ ဒီရာသီ ယူနိုက်တက်အသင်း ညာခြမ်းခံစစ်မှာ အဓိက ကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရနေပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ကျန်းမာရေးအခြေအနေ သိပ်မကောင်းတာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။
အီတလီမီဒီယာတွေက မက်ဇ်ယောင်အီဟာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ဝေဒနာခံစားနေရတဲ့အတွက် ၃ လလောက် အထိ အနားယူရဖို့ရှိတယ်လို့ ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းကတော့ အဲဒီ ကာလရှည် နားရမယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်အသင်းဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ မာဇာရာဝီရဲ့အခြေအနေဟာ စိုးရိမ်စရာအနေအထား မရှိဘဲ အသေးစား ဆေးကုသမှုသာ ခံယူရမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် မာဇာရာဝီ ဟာ မကြာခင်ကာလအတွင်း ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိပြီး အီတလီမီဒီယာတွေ ဖော်ပြသလို ၃ လအထိ အနားယူရမှာ မဟုတ်ပေမဲ့လည်း ဘောလုံးပြန်ကစားနိုင်ဖို့ဆိုရင် ရက်သတ္တပတ်အနည်းငယ်ကြာအောင် အနားယူရမှာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ မာဇာရာဝီ ဟာ ကိုဗစ်ရောဂါကူးစက်ခံစားရပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် အစပိုင်းက ၃ လအထိ အနားယူခဲ့ရဖူးပါတယ်။
အခုလောလောဆယ် နှလုံးရောဂါနဲ့ပတ်သက်တဲ့ ဆေးကုသမှုခံယူရမှာဖြစ်လို့ မာဇာရာဝီ က မော်ရိုကိုလက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်း ခံစစ်မှာ ဒဏ်ရာပြဿနာတွေက အကြီးအကျယ် ထိုးနှက်ချက်ဖြစ်နေပြီး နောက်ခံလူ မက်ဂွိုင်းယားဟာ အက်စတွန်ဗီလာနဲ့ပွဲတုန်းက ကြွက်သားဒဏ်ရာရရှိခဲ့လို့ ရက်သတ္တပတ်အတော်ကြာအောင် အနားယူရမှာဖြစ်သလို လုခ်ရှော၊ မာလာစီယာတို့လည်း အခုအချိန်အထိ မကစားနိုင်သေးပါဘူး။
လုခ်ရှော၊ မာလာစီယာတို့ မကစားနိုင်တာကြောင့် ယူနိုက်တက်ညာနောက်ခံလူ ဒါလော့တ်က ဘယ်ခြမ်းခံစစ်နေရာ ပြောင်းကစားနေရချိန်မှာ မာဇာရာဝီ အနားယူရမှာဖြစ်လို့ အဲရစ်တန်ဟက်အတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။