ငွေ ဘယ်လောက် သုံးသုံး မက်ဂွိုင်းယား ထက် သာတဲ့ နောက်ခံလူ မရသေးတဲ့ တန်ဟက်ရဲ့ အဖြစ် ထွက်ပေါ်လာ

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ မက်ဂွိုင်းယားနေရာမှာ အစားထိုးဖို့အတွက် နောက်ခံလူတွေကို ပေါင်သန်း ၁၀၀ အထိ အသုံးပြုခေါ်ယူထားခဲ့တာပါ။

ဒါပေမဲ့ စစ်တမ်းအချက်အလက်တွေအရ မက်ဂွိုင်းယားဟာ အသင်းခံစစ်မှာ အကောင်းဆုံး ကစားသမား ဖြစ်နေပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီမှာ အေဂျက်စ်အသင်းက သူ့တပည့်ဟောင်းဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင် ၅၆.၇ သန်းနဲ့ခေါ်ယူခဲ့ပြီး ဒီရာသီအစမှာတော့ ဒီလိဂ်အတွက် ပေါင် ၄၂.၇ သန်း သုံးစွဲခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်တမ်းအချက်အလက်တွေအရ မက်ဂွိုင်းယားရဲ့စွမ်းဆောင်ရည်က ယူနိုက်တက်နောက်ခံလူတွေထဲမှာ အတည်ငြိမ်ဆုံးဖြစ်နေပါတယ်။

၂၀၂၂-၂၃ ရာသီက အဲရစ်တန်ဟက်ဟာ ခံစစ်မှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့ဗာရန်းတို့ကို ဦးစားပေးအသုံးပြုခဲ့သလို ၂၀၂၃ ဇွန်လတုန်းကလည်း မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီး ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်သစ် အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့အတွင်း မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချဖို့ စီစဉ်ခဲ့ပေမဲ့ မက်ဂွိုင်းယားက ယူနိုက်တက်မှာပဲ ဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ မက်ဂွိုင်းယားရဲ့ခြေစွမ်းက အရင်ကထက် ပိုတိုးတက်လာသလို အသင်းဖော်တွေဖြစ်ကြတဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ ဒီလိဂ်တို့ထက်တောင် စွမ်းဆောင်ရည် ပိုသာနေပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ မိနစ် ၉၀ အတွင်း ပြိုင်ဘက်နဲ့တစ်ယောက်ချင်းအတွေ့ တားဆီးနိုင်မှုမှာ မက်ဂွိုင်းယားက ၅.၃ ကြိမ်အထိရှိပေမဲ့ လီဆန်ရိုမာတီနက်ဇ်က ၂.၉ ကြိမ်၊ ဒီလိဂ်က ၄.၈ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

ဘောလုံးကြားဖြတ်လုယူနိုင်မှု၊ ဘောလုံးပိုင်ဆိုင်မှု ပြန်ရယူနိုင်တဲ့အပိုင်းတွေမှာလည်း မက်ဂွိုင်းယားက အသာရနေသလို တစ်ပွဲပျမ်းမျှ အောင်မြင်တဲ့ဘောလုံးပေးပို့မှုမှာလည်း မက်ဂွိုင်းယားက ၆၁.၈၁ % အထိရှိပါတယ်။

ဒါ့အပြင် ဒီရာသီမှာ မက်ဂွိုင်းယား ပွဲထွက်ကစားခွင့်ရတာက ၄ ပွဲသာရှိပေမဲ့ သွင်းဂိုး ၁ ဂိုး၊ တစ်ပွဲပျမ်းမျှ ဂိုးပေါက် ကန်ချက် ၁.၄၁ ကြိမ်ရှိပြီး ဒါက ဒီလိဂ်နဲ့အတူတူပါပဲ။

ဒီလိုခြေစွမ်းကောင်းပြနေချိန်မှာ မက်ဂွိုင်းယားဟာ ခြေသလုံးဒဏ်ရာကြောင့် ရက်သတ္တပတ်အတော်ကြာ အနားယူရမှာဖြစ်လို့ မက်ဂွိုင်းယားအတွက် စိတ်ပျက်စရာ ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။