ပူပူနွေးနွေး ချန်ပီယံလိဂ် ဖိုင်နယ်ရောက်ထားခဲ့တဲ့ နည်းပြကောင်း တစ်ဦးကို မန်ယူ က ခန့်အပ်ဖို့ စာရင်းထည့်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ နည်းပြ အဲရစ်တန်ဟက်ကို ဖယ်ရှားပြီးရင် အသစ် ခန့်အပ်ဖို့ လျာထားတဲ့ နည်းပြလောင်း စာရင်းမှာ အံ့အားသင့်ဖွယ် အမည်သစ် တစ်ခု ထည့်သွင်းလာပြီ ဖြစ်ပါတယ်။

လတ်တလောမှာ မန်ယူက တန်ဟက်ကို မထုတ်သေးဘဲ ဆက်လက် စောင့်ကြည့်နေပေမယ့် နောက်ရာသီမှာ နယ်သာလန်သားကို သေချာပေါက် လမ်းခွဲဖို့ ယူနိုက်တက် က စီစဉ်ထားသလို အခြေအနေတွေ ပိုမို ဆိုးရွားလာရင်လည်း အချိန်မရွေး ရာထူးပြုတ်တဲ့ သတင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။

တန်ဟက် နေရာ အစားထိုးဖွယ် ရှိတဲ့ နည်းပြလောင်းစာရင်းမှာ နာမည်ကြီးတွေ ပါဝင်ထားပြီး ရေပန်း အစားဆုံးကတော့ အင်္ဂလန် နည်းပြဟောင်း ဆောက်ဂိတ်၊ ဘိုင်ယန်နည်းပြဟောင်း တူချယ်၊ ချယ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာတို့ ဖြစ်ကြပါတယ်။

အင်္ဂလန် သတင်းဌာနတွေ အဆိုအရ ယူနိုက်တက် ချိန်ရွယ်ထားတဲ့ နည်းပြလောင်း စာရင်းမှာ ဒေါ့မွန် နည်းပြဟောင်း အီဒင် တာဇစ် လည်း ပါဝင်လာတယ် လို့ သိရပါတယ်။

တာဇစ်ဟာ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် ထိ ရောက်အောင် ပို့ဆောင်ပေးပြီးတဲ့နောက် သူ့သဘောဆန္ဒ အရ ဒေါ့မွန်ကနေ ထွက်ခွာလာခဲ့သူပါ။

အသက် ၄၁ နှစ် အရွယ် နည်းပြ တာဇစ်ဟာ ဒေါ့မွန်မှာ ၂၀၁၀ တည်းက ပေါ်တာ၊ ဗီဒစ်တို့နဲ့ အတူ ကင်းထောက်နဲ့ လက်ထောက် နည်းပြ အဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ မှာ ဘီလစ်ရဲ့ လက်ထောက် နည်းပြ အဖြစ် ဘက်ဆစ်တပ် ရောက်သွားသလို ၂၀၁၅ မှာလည်း ဝက်စ်ဟမ်းထိ လိုက်ပါခဲ့ပါတယ်။

တာဇစ်ဟာ ၂၀၁၈ မှာ ဒေါ့မွန်ထံ လက်ထောက်နည်းပြ အဖြစ် အရင် ပြန်လာခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာမှာတော့ နည်းပြ Favre ထုတ်ခံရချိန်မှာ ယာယီနည်းပြ အဖြစ် ဒေါ့မွန်ကို ဝင်ရောက် ကိုင်တွယ်ခဲ့ပါတယ်။

တာဇစ်ဟာ ဇွန်လထဲ ချန်ပီယံလိဂ် ဖိုင်နယ်ထိ ဒေါ့မွန်နဲ့ အတူ ရောက်ရှိပြီးနောက် ဖိုင်နယ်အပြီး ၂ပတ် အကြာမှာ အသင်းနဲ့ လမ်းခွဲခဲ့ကာ လက်ရှိမှာ အသင်းလက်မဲ့ နည်းပြ တစ်ဦး ဖြစ်နေပါတယ်။

နည်းပြ ဘီလစ်နဲ့ အတူ ဝက်စ်ဟမ်းကို ကိုင်တွယ်ဖူးတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိထားသူလည်း ဖြစ်ပါတယ်။