မိန်းမက ကွာချင်လောက်အောင်ကို မန်ယူအတွက် တန်ဟက် တကုပ်ကုတ် အလုပ်လုပ်နေရကြောင်း ဖော်ထုတ်လာသူ
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက် က နည်းပြရာထူးကနေ ထုတ်ပယ်မခံရခင် သူရဲ့ အလုပ်ချိန် အရမ်းများနေမှုကြောင့် မိန်းမဆီကနေ ကွာရှင်းခံရတော့မယ်လို့ ယူနိုက်တက် နည်းပြအဖွဲ့ဝင်ဟောင်း ဘင်နီ မက္ကာသီက နောက်ပြောင် ကျီစယ်သွားခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟက် က လက်ရှိမှာ ယူနိုက်တက်နည်းပြဘဝ တတိယမြောက်ရာသီကို ဖြတ်သန်းနေပြီး ပထမ နှစ်ရာသီမှာတော့ အသင်းအတွက် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရာသီအစပိုင်းမှာတင် အတော်လေးကို ရုန်းကန်နေရပြီး သူ့အနာဂတ်လည်း တဖန် လှုပ်ခတ်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်း တာဝန်ရှိသူတွေ အကုန် အစည်းအဝေး ကျင်းပခဲ့ရင်း တန်ဟက် ရဲ့ အနာဂတ် အခြေအနေအတွက်ပါ ဆွေးနွေးခဲ့ပေမယ့် အဖြေမပေါ်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက် ရဲ့ အနာဂတ်က ရေရေရာရာကို မသိရှိရသေးဘဲ အပြောင်းအလဲလည်း ချက်ချင်းပေါ်လာနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။
ဒီလို အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ တန်ဟက် နဲ့ ပတ်သက်ပြီး ယူနိုက်တက် နည်းပြအဖွဲ့ဝင်ဟောင်း မက္ကာသီက အခုလို ဖေးမခဲ့ပါတယ်။
“အဲရစ်အတွက် ဘယ်လောက်ထိ စိတ်ပျက်စရာကောင်းနေလဲဆိုတာ ကျွန်တော် တွေးကြည့်လို့ရတယ်။ သူကတော့ ကျွန်တော် တွေ့ဖူးသမျှ နည်းပြတွေထဲမှာ အလုပ်တအားအလုပ်ရဆုံး နည်းပြတစ်ဦး ဖြစ်နိုင်ပါတယ်။ သူက အသေးစိတ်ကအစ အာရုံစူးစိုက်ကြည်တယ်။ ”
“အဲ့ဒီလူက မနက် (၃) (၄)နာရီလောက်မှာ အိပ်တယ်။ ရှုထောင့်ပေါင်းစုံကနေလည်း လေ့လာသုံးသပ် တွေးတောတယ်။ မနက် (၂)နာရီလောက်တောင်မှ တွေးတောနေတာ။ ဒီလို မရပ်မနားတွေ အလုပ်လုပ်နေတာမို့ သူ့ဇနီးဆီကနေ ကွာရှင်းခါနီးနေလောက်ပါပြီ။
သူ မမောနိုင်မပန်းနိုင် အလုပ်လုပ်နေရပြီး ဒီလို အလုပ်တွေ အများကြီး လုပ်ရတဲ့ အခါမျိုးမှာ ကိုယ်လုပ်ရတဲ့ အရာတွေ ကောင်းမွန်လာဖို့ မျှော်လင့်တက်ကြပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။