ဆောက်ဂိတ်ကို မျှော်တဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ရင်မောရဦးမယ့် ကိစ္စပါ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ နည်းပြ အဲရစ် တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးရင် အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကို ခန့်အပ်မယ်လို့ ရေပန်းစား သတင်းကြီးထားတာပါ။

အသင်း ပူးတွဲ ပိုင်ရှင် ဆာဂျင်ရက်ကလစ်ဟာ ဆောက်ဂိတ်ကို အထင်ကြီးသူဖြစ်ပြီး တန်ဟက်နေရာ တိုက်ရိုက် အစားထိုးဖို့ထိ သဘောကျနေတယ်လို့ သိထားရတယ်။

အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ် ကတော့ သူ နည်းပြလောကထဲ ပြန်ဝင်လာဦးမှာ မဟုတ်ဘဲ နောက်အလုပ် မတိုင်ခင် ပြည့်ပြည့်ဝဝ အနားယူဦးမယ်လို့ ဆိုပါတယ်။

ဆောက်ဂိတ်က ” နောက်နှစ်ထိ ကျနော် နည်းပြလောကထဲ ပြန်ဝင်ဦးမှာ မဟုတ်ပါဘူး။ ဒါ သေချာပါတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ လုပ်နိုင်ဖို့ ကိုယ့်ဘာသာ အချိန်ယူသွားမှာပါ။

ကြီးကျယ်တဲ့ တာဝန်တွေကနေ ထွက်လာအပြီး ကိုယ့်ရဲ့ ခန္စာကိုယ်ကို အနားပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနားယူဖို့လည်း လိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ ဆောက်ဂိတ်ကို ယူနိုက်တက် နည်းပြ ဖြစ်မလာစေချင်တဲ့ သရဲနီတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါလိမ့်မယ်။ နည်းပြသစ်ဖြစ်လာမယ် ရေပန်းစားသူတွေထဲ ပေါ်တာ၊ တူချယ်တို့ကလည်း ဆောက်ဂိတ်နဲ့အတူ ပါဝင်နေတာပါ။

တဖက်မှာ ရက်ကလစ်ကလည်း ဆောက်ဂိတ်ကို စောင့်နေတာကြောင့် တန်ဟက်ကို ဆက် အချိန်ပေးထားသလား တွေးစရာလည်း ရှိနေပါတယ်။

လောလောဆယ်မှာ ယူနိုက်တက်ဟာ နည်းပြတန်ဟက်ကို ကာလတို အချိန်ထပ်ပေးဖို့ ဆုံးဖြတ်ထားကာ ဘရန့်ဖိုဒ့်ပွဲမှာ နယ်သာလန်သားကပဲ အသင်းကို ဆက်လက် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။