ဆာအဲလက်စ် ဖာဂူဆန် ကို လုပ်ရက်လွန်းတဲက မန်ယူအသင်း တာဝန်ရှိသူတွေကို ကန်တိုနာ တည့် ပြောပြီ

သရဲနီ ဂန္တဝင်ကြီး အဲရစ် ကန်တိုနာက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆာအဲလက်စ် ဖာဂူဆန်ကို အသင်းသံတမန်အဖြစ်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ကန်တိုနာက ယူနိုက်တက် ထိပ်ပိုင်းတာဝန်ရှိသူတွေကို အကျင့်ပျက်သူတွေလို့ ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆုဖလား ၃၈ လုံးအထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ နည်းပြဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စကော့တလန်လူမျိုးနည်းပြကြီးဟာ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ဆက်လက် တာဝန်ယူဆောင်ရွက်ခဲ့ပြီး တစ်နှစ်ကို လုပ်ခလစာ ပေါင် ၂ သန်းဝန်းကျင် ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း INEOS ရဲ့ အသုံးစရိတ် လျှော့ချရေး အစီအစဉ်ရဲ့ တစ်စိတ်တပိုင်းအဖြစ် မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ဖာဂူဆန်ကို သံတမန်သဘောတူညီမှု စာချုပ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဒီနှစ်ကုန်အထိတော့ လစာဆက်ပေးချေနေဦးမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဖာဂူဆန်ကို အိုးထရက်ဖို့ဒ်က ပွဲစဉ်တွေကို တက်ရောက်ကြည့်ရှုဖို့အတွက် ကြိုဆိုနေဆဲဖြစ်ပေမယ့်လည်း စကော့လူမျိုးနည်းပြကြီးရဲ့ ကစားသမားဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ကန်တိုနာကတော့ အသင်းရဲ့ လုပ်ရပ်ကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ကန်တိုနာက အင်စတာဂရမ်ပေါ်မှာ သူနဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့ ဆုဖလားအတူတူ ကိုင်မြှောက်နေတဲ့ပုံနဲ့အတူ အခုလို ရေးသားခဲ့တာပါ။

“ဆာအဲလက်စ်က သူ သေဆုံးတဲ့နေ့အထိ အသင်းမှာ သူ လုပ်ချင်တာမှန်သမျှ လုပ်ခွင့် ရသင့်တယ်။ တော်တော် လေးစားမှု ကင်းမဲ့တဲ့လုပ်ရပ်ပဲ။ အဲဒါက လုံးဝကို အကျင့်စာရိတ္တခေါင်းပါးမှုပဲ။ ဆာအဲလက်စ်က ကျွန်တော့်ရဲ့ ဆရာ တသက်လုံး ဖြစ်နေမှာပါ။ ကျွန်တော်ကတော့ အဲဒီကောင်တွေ အားလုံးကို ချီးထုပ်အကြီးကြီးထဲကို ထည့်ပြီးကို လွှင့်ပစ်ချင်တယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။