အန်တိုနီ ကို ရှင်းထုတ်ချင်လို့ တန်ကြေး သတ်မှတ်လိုက်ပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ် ၂ ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်ပြီး ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ အိုင်းယက်စ်အသင်းကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက် ၈၅ ပွဲမှာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အာမက် ဒီရယ်လို၊ အလက်ဟန်းဒရိုး ဂါနာချိုတို့ရဲ့ နောက်မှာ စတုတ္ထ ပွဲထွက်တောင်ပံကစားသမားအဖြစ် ရပ်တည်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် အန်တိုနီဟာ ဒီရာသီမှာ ကာရာဘောင်းဖလားပွဲစဉ်တစ်ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိသေးတာဖြစ်ပြီး ဘန်းစလေကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အန်တိုနီကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သာမရခဲ့ရင် ဘဏ္ဍာရေးအခြေအနေက ပိုလို့တောင် ဆိုးရွားလာနိုင်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိုင်းယက်စ်ကနေ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခဲ့ရတဲ့ အန်တိုနီအတွက် ပေါင်သန်း ၄၀ လောက်အထိ ပြန်ရချင်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားကို ဥရောပကလပ်အသင်းတွေက မခေါ်ဘူးဆိုရင်တောင် ဆော်ဒီ အာရေဗျကလပ် အသင်းတွေက စိတ်ဝင်စားဖွယ်ရှိနေတာဖြစ်ပါတယ်။