နိုင်ငံပွဲတွေ အပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ မန်ယူအသင်း အခြေအနေ တိုးတက်ဖို့ထက် ဆုတ်ယုတ်ဖို့ များနေတဲ့ မှတ်တမ်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ အောက်တိုဘာ နိုင်ငံတကာပွဲစဉ်များအပြီး လာမယ့် စနေနေ့ ဘရန့်ဖို့ဒ်အား ဧည့်ခံကစားရတဲ့ ပွဲစဉ်မှာ လက်ရှိ ဆိုးရွားနေတဲ့ မှတ်တမ်းအား ပိုမို ဆိုးရွားလာစေဖွယ် ရှိနေပါတယ်။
အဲရစ်တန်ဟက်ဟာ ကလပ်သမိုင်းတွင် အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီအစ ကြုံရပြီးနောက် ကြီးမားတဲ့ ဖိအားများနှင့် ကြုံတွေ့နေရပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲကစားပြီးချိန်တွင် ၈ မှတ်တည်းသာ ရရှိပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်တွင်လည်း ၂ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ပျောက်နေပါတယ်။
လက်ရှိအနေအထားအရ ယူနိုက်တက်ဟာ ယင်းဆိုးရွားတဲ့အခြေအနေကို ပြောင်းလဲလာနိုင်ဖို့ မရှိသေးဘဲ ပိုမို ဆိုးရွားလာဖို့ ရှိနေပါသေးတယ်။
ဘတ်ဗစ်တာ ကဖော်ပြလာတဲ့ မှတ်တမ်းအရ ယူနိုက်တက်ဟာ ၂၀၁၄ ခုနှစ်နောက်ပိင်း အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအပြီးတွင် ၁၀ ပွဲကစားခဲ့ရာမှာ ၃ ပွဲတည်းသာ အနိုင်ရရှိခဲ့ကြောင်း တွေ့ရပါတယ်။
ယူနိုက်တက်ဟာ ထိပ်သီး ၆ သင်းစာရင်းထဲတွင် အဆိုးရွားဆုံးအသင်းဖြစ်နေပြီး နယူးကာဆယ်၊ ဗီလာတို့လောက်ပင် ရလဒ်ကောင်း မရယူထားနိုင်ပါဘူး။
လက်ရှိမှာ နည်းပြ အဲရစ်တန်ဟက်ဟာ ဒဏ်ရာပြဿနာများစွာ ကြုံနေရချိန်တွင် ယင်းသို့ အခြေအနေမျိုးနှင့် ကြုံနေရတာပါ။
ယူနိုက်တက်ဟာ နူဆာမာ့ဇ်ရာဝီ၊ လုခ်ရှော၊ တိုင်ရဲလ်မာလာစီယာ၊ ဟယ်ရီမက်ဂွိုင်းယား၊ လီနီယိုရိုတို့ ဒဏ်ရာရရှိနေမှုနှင့်အတူ ဗဟိုခံစစ်မှူးဂျွန်နီအီဗန့်အား ဘယ်နောက်ခံလူအဖြစ် အသုံးပြုလာရဖို့ ရှိနေပါတယ်။
၎င်းတို့ အပြင် ကိုဘီမိုင်နူး၊ အလီဂျန်ဒရိုဂါနာချို၊ အေမက်ဒီရယ်လိုတို့မှာလည်း ကြံ့ခိုင်မှုပြဿနာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ နွေကမှ ပီအက်စ်ဂျီမှ ပြောင်းလာတဲ့ မန်နူရယ်အူဂါတီမှာလည်း အင်္ဂါနေ့တုန်းက အီကွေဒေါနှင့်ပွဲတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။