သီတင်းပတ် အနည်းငယ် နားရမယ့် မိုင်နူးနဲ့ ဘရန့်ဖို့ဒ်ပွဲမတိုင်ခင် ဒဏ်ရာရ ယူနိုက်တက် အသင်းသားများ အခြေအနေ
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားလေး ကိုဘီမိုင်နူးဟာ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ အင်္ဂလန် အလယ်တန်းကစားသမားဟာ ဗီလာနှင့် ဂိုးမရှိ သရေကျတဲ့ ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပွဲစဉ်များလူစာရင်းမှ နှုတ်ထွက်ခဲ့ရပါတယ်။
မိုင်နူး တင် မကဘဲ ဗီလာနဲ့ပွဲတွင် ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားမှာလည်း ကြွက်သားဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ နှလုံးခုန်မှု မမှန်ဖြစ်နေတဲ့ နူဆာ မာ့ဇာရာဝီမှာမူ အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက အီကွေဒေါနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ ဥရုဂွေး ကွင်းလယ် ကစားသမားမန်နူရယ်အူဂါတီမှာလည်း ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
အလီဂျန်ဒရိုဂါနာချို(ဒူး)နှင့် အေမက်ဒီရယ်လို(နေမကောင်း)တို့မှာလည်း အာဂျင်တီးနားနှင့် အိုင်ဗရီကို့စ်ပွဲစဉ်များကို လွဲခဲ့ပေမဲ့ လေ့ကျင့်ခန်းဆင်းနိုင်ကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ မေဆင်မောင့်၊ လုခ်ရှောတို့မှာ ဒဏ်ရာကြောင့် နားနေရတုန်း ဖြစ်ပြီး တိုင်ရဲလ် မာလာစီယာမှာ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရပြီးနောက် အပြည့်အဝ ကြံ့ခိုင်လာရေး ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း လုပ်နေပါတယ်။
ယူနိုက်တက်ဟာ ဒီတပတ်မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။