သူ ပြုတ်တော့မယ်လို့ မီဒီယာတွေက လုပ်ဇာတ်ခင်းနေတယ် လို့ ဘရန့်ဖို့ဒ် ပွဲကြိုမှာ တန်ဟက် ပြော
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က မီဒီယာများမှာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် အလိမ်အညာ လုပ်ဇာတ်များ ရေးသားနေတယ်လို့ စွပ်စွဲပြောဆိုလာပါတယ်။
အဲရစ်တန်ဟက်ဟာ အိုးထရက်ဖို့ဒ်တွင် စပါးစ်ကို ၃-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်မှုအပါအဝင် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ကာ အောက်တိုဘာလနိုင်ငံတကာပွဲစဉ်ကို ဖြတ်သန်းခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ အသက် ၅၄ နှစ်ရှိ အဲရစ်တန်ဟက်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ရာထူးမှ ထုတ်ပယ်ခံရနိုင်တဲ့အနေအထားကြုံခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အကြီးအကဲများဟာ ပြီးခဲ့တဲ့အပတ် လန်ဒန်တွေ့ဆုံဆွေးနွေးပွဲတွင် အဲရစ်တန်ဟက်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ အဲရစ်တန်ဟက်က မီဒီယာများမှာ အောက်တိုဘာလ ၆ ရက်နေ့ ဗီလာနှင့် သရေကျတဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ၎င်းမှာ ကလပ်တာဝန်ရှိသူများနှင့် တစ်သားတည်းရှိနေပြီး ထောက်ခံအားပေးမှု အပြည့်အဝ ရရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုမှုအား တမင်မျက်ကွယ်ပြုကာ မဖော်ပြခဲ့ကြောင်း ဆိုသွားပါတယ်။
အဲရစ်တန်ဟက်က “ဒီဆူညံသံတွေက ခင်ဗျားတို့ထဲကတချို့ကြောင့်ပဲ ဖြစ်လာတာ။ လုပ်ဇာတ်တွေ ဖန်တီးတယ်။ ပုံပြင်တွေ ဖန်တီးပြီး အလိမ်အညာတွေ ယူဆောင်လာကြတယ်။ ဒီကလပ်မှာ ကျွန်တော်တို့ စာမျက်နှာတစ်ခုတည်းပဲ ရှိတယ်။
ဒါကို နိုင်ငံတကာပွဲမတိုင်ခင် ပြောခဲ့တယ်။ ဂျာနယ်လစ်တွေအများကြီးကို ပြောခဲ့တာ။ သတင်းကြည့်လိုက်တော့ ဂျာနယ်လစ်တွေ ကျွန်တော် ပြောတာ မယုံဘူးဆိုတာ တွေ့ရတယ်။ အသံတိတ်နေကြတယ်”လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး အဲရစ်တန်ဟက်က “လက်ရှိအနေအထားအပေါ် ကျွန်တော်တို့ မပျော်ပါဘူး။ ရပ်တည်မှုအဆင့် နိမ့်နေတယ်။ ဒါနဲ့ မလုံလောက်ပါဘူး။ အစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်။ အောင်မြင်လိမ့်မယ်လို့လည်း ယုံကြည်နေတယ်”လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ငါးနှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအရပ်ရပ် ၆ ပွဲဆက် နိုင်ပွဲပျောက်နိုင်တဲ့အနေအထားမျိုးမှာလည်း ရှိပါတယ်။
အဲရစ်တန်ဟက်ဟာ ယင်းကို ရှောင်လွဲနိုင်ရန်အတွက် ယနေ့ည ဘရန့်ဖို့ဒ်နှင့်ပွဲမှာ အနိုင်ရရှိရန် လိုအပ်နေပါတယ်။