နွေတုန်းကမှ ရောင်းထားတဲ့ ကစားသမားကို ယူနိုက်တက် ပြန်ခေါ်မယ်လို့ နည်းပြ တန်ဟက် အတည်ပြု

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က ဒီနွေမှာ ဘင်ဖီကာအသင်းထံကို buy back option နဲ့ ရောင်းချလိုက်တဲ့ စပိန် လူငယ် ဘယ်နောက်ခံကစားသမားလေး အဲလ်ဗာရို ဖာနန်ဒက်ဇ်ကို ပြန်လည် ခေါ်ယူသွားဖို့ အစီအစဉ်ရှိကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ လုခ်ရှော မာလာစီယာနဲ့ ဖာနန်ဒက်ဇ်တို့ ရှိနေချိန် လုခ်ရှောရော မာလာစီယာတို့ပါ ဒဏ်ရာ ပြဿနာတွေ အသီးသီးနဲ့ ရင်ဆိုင်နေရချိန် အဲလ်ဗာရို ဖာနန်ဒက်ဇ်ကိုပါ ဘင်ဖီကာအသင်းဆီ အပြီးသတ် ရောင်းချခဲ့လို့ အသင်းပရိသတ်တွေက ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းအပေါ် အတော်လေး စိတ်ပျက်ခဲ့ကြပါတယ်။

ပိုဆိုးတာက ယူနိုက်တက်ဟာ နွေဈေးကွက်မှာလည်း ဘယ်နောက်ခံနေရာ ဖြည့်တင်းနိုင်ခြင်း မရှိလို့ ဒီရာသီထဲ ပွဲအားလုံးနီးပါးမှာ ညာနောက်ခံလူ ဒါလော့ကို ဘယ်ခြမ်းမှာသာ တောက်လျှောက် အသုံးပြုခဲ့ရပါတယ်။ ဒါအြပြင် တန်ဟက်ဂ်က လီဆန်ဒရို မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ကိုပါ ဘယ်ခြမ်းခံစစ်မှာ အသုံးပြုခဲ့ရပါသေးတယ်။

တန်ဟက် က လူငယ် ဘယ်နောက်ခံလူ ဟယ်ရီ အာမတ်စ်ကိုလည်း အသင်းကြီးမှာ နေရာပေးဖို့ ready မဖြစ်သေးကြောင်း ပြောဆိုထားခဲ့ပြီး လက်ရှိ ဘင်ဖီကာမှာ ခြေစွမ်းပြသနေတဲ့ ဖာနန်ဒက်ဇ်ကိုတော့ buy back option နဲ့အတူ အသင်းဆီ ပြန်လည် ခေါ်ယူဖို့ ရှိနေတယ်လို့ အတည်ပြု ပြောကြားလာခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ဘင်ဖီကာအသင်းမှာ ဖာနန်ဒက်ဇ်ရဲ့ တိုးတက်လာမှုတွေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ သူ့ကို ရောင်းချတုန်းကလည်း ပြန်လည် ခေါ်ယူခွင့် buy back clause ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။

သူ့ကို ကျွန်တော်တို့ဘက်က ပရက်စတန် ဂရန်နာဒါအသင်းတွေဆီ အငှားချခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ သူက ကစားခွင့် သိပ်မရခဲ့ပါဘူး။

အဲ့ဒီနောက်တော့ သူ့ကို အသင်းကနေ ရောင်းချဖို့ အခွင့်အရေး ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမားရဲ့ အခြေအနေကို ထိန်းချုပ်နိုင်မယ့် ပြန်လည် ခေါ်ယူခွင့်တစ်ခုတော့ ပါရှိနေခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘင်ဖီကာမှာ တောက်ပနေတတဲ့ ဖာနန်ဒက်ဇ်ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်တို့အပြင် လီဗာပူးလ်အသင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။