မန်ချက်စတာယူနိုက်တက် နိုင်ပွဲ ရခဲ့ပေမယ့် ပုံမလာလို့ ဝေဖန်ခံနေရသူ တစ်ဦး ရှိနေပါတယ်
မန်ချက်စတာယူနိုက်တက်အသင်း ဟာ စနေနေ့ည အိုးထရက်ဖို့ဒ်မှာ ဘရန့်ဖို့ဒ် ကို နောက်ကနေ လိုက်ကစားပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပေမယ့်လည်း ဒါလော့တ်ရဲ့ ခံစစ်ကစားပုံဟာ အရှက်ရစရာဖြစ်တယ်လို့ ပြစ်တင်ခြင်း ခံခဲ့ရပါတယ်။
နည်းပြ အဲရစ် တန်ဟက်ဟာ အောက်တိုဘာ နိုင်ငံတကာပွဲအားလပ်ရက်မတိုင်ခင် ကြီးမားတဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘရန့်ဖို့ဒ်အသင်းက ပထမပိုင်း မပြီးဆုံးခင်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဖိအားက ပိုလို့တောင် ကြီးမားလာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပထမပိုင်း ၄၅ မိနစ် ကစားပုံက စိတ်ပျက်စရာကောင်းခဲ့ပြီး ဒမ်စ်ဂတ်ရဲ့ ထောင့်ကန်ဘော ကန်တင်မှုကနေ အီသန် ပင်းနော့ခ်က အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီနောက်ခံလူ ဒါလော့တ်က ပင်းနော့ခ်ကို လူကပ်ကစားခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ကြယ်ပွင့်က ရအောင် ရှောင် ထွက်သွားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်တို့ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
ရိန်းဂျားစ်နဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်း ခရစ် ဘွိုက်က ဒါလော့တ်ရဲ့ ခံစစ်ကစားပုံကို အခုလို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ဒိုင်လူကြီးတွေကို ညည်းတွားပြနေခဲ့ကြပေမယ့် အဆုံးမှာတော့ ဆရာဝန်တွေက သူတို့အလုပ်ကို သူတို့လုပ်သွားတယ်။ သူ ကွင်းထဲကနေ ထွက်ဖို့ လိုအပ်နေတဲ့အချိန်မှာ ခေါ်ထုတ်ပြီး သွေးပူလေ့ကျင့်ရေးလုပ်နေတာ တော်တော်ကြာနေပြီဖြစ်တဲ့ လင်ဒီလော့ဖ်ကို ထည့်ရမှာပါ။
ဒီတစ်ကြိမ်က သူ ကွင်းထဲကနေ ထွက်တာ ၃ ကြိမ်မြောက်ပါ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် သူတို့တွေ သူ ဆက်ကစားနိုင်အောင် လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
သူတို့တွေ ဒိုင်လူကြီးကို သူတို့ စောဒကတက်ချင်တာမှန်သမျှ သွားပြောနိုင်တယ်။ ဒါပေမယ့် သူတို့ ကိုယ့်ဘာသာကိုယ်ပြန်ကြည့်ပြီး ကွင်းထဲမှာ လုပ်စရာရှိတဲ့အလုပ်ကို လုပ်ဖို့လိုတယ်။
ပင်းနော့ခ်ကို လွှတ်ပေးလိုက်တာ ဒါလော့တ်ပါ။ သူ့ဆီကနေ ပြေးထွက်သွားတာပါ။ ခင်ဗျားသာ အဲရစ် တန်ဟက်သာဆိုရင် အဲဒါကို ကြည့်ပြီးတော့ ဒါက အရှက်ရစရာပဲလို့ တွေးမိခဲ့မှာပါ”လို့ ပြောဆိုခဲ့ပါတယ်။