ဖီနာဘာချီနဲ့ ယူရိုပါလိဂ်ပွဲ မတိုင်ခင် မော်ရင်ဟိုကို ချီးကျူးစကားတွေ စွတ်တင်နေတဲ့ အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ပွဲကြပ် အဖြစ် တူရကီထိပ်သီး ဖီနာဘာချီနဲ့အဝေးကွင်းပွဲ သွားရောက် ကစားရမှာ ဖြစ်ပြီး အဲဒီပွဲမတိုင်ခင် အဲရစ်တန်ဟက်က မော်ရင်ဟိုကို ချီးကျူးစကားဆိုလိုက်ပါတယ်။
မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ ယူရိုပါလိဂ်အဖွင့် ၂ ပွဲကစားအပြီး ၄ မှတ် ရရှိခဲ့ပေမဲ့ ယူနိုက်တက်အသင်းကတော့ နိုင်ပွဲမရသေးဘဲ FC တွမ်တီး၊ ပေါ်တိုတို့နဲ့ သရေကျခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်တို့ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးမှ ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်ပွဲမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ဖာဂူဆန်ခေတ်လွန်နောက်ပိုင်း တစ်ရာသီအတွင်း ဆုဖလား ၂ ခု ရယူနိုင်တဲ့ တစ်ဦးတည်းသော ယူနိုက်တက်နည်းပြ၊ ယူနိုက်တက်အသင်းအတွက် ဥရောပအောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ နောက်ဆုံးနည်းပြအဖြစ် ရပ်တည်နေပါတယ်။
ဖီနာဘာချီနဲ့ပွဲမတိုင်ခင် Football Writers’ Association နဲ့ အင်တာဗျူးမှာ အဲရစ်တန်ဟက်က
“လာမဲ့ပွဲဟာ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ပွဲကြီးပွဲကောင်းပါပဲ။ မော်ရင်ဟိုနဲ့ ပြိုင်ဘက်တွေအဖြစ် ဆုံတွေ့ခွင့်ရတာက တကယ်ကြိုက်မိပါတယ်။ သူဟာ အသင်းကောင်းတွေကို ကိုင်တွယ်ခွင့်ရခဲ့သလို အောင်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။”
“မော်ရင်ဟိုရဲ့နည်းပြဘဝတစ်လျှောက် ရယူခဲ့တဲ့ ဆုဖလားတွေကလည်း အများကြီးပါပဲ။ နောက်ပြီး မော်ရင်ဟိုဆိုတာ နည်းပြတိုင်း စံနမူနာထားရမဲ့သူဖြစ်တာကြောင့် သူ့လိုနည်းပြမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။