ဆာအဲလက်စ်နဲ့ ပတ်သတ်ပြီး မန်ယူ လုပ်ပုံကို စိတ်ကုန်နေတဲ့ မော်ရင်ဟို
အသင်း ဂန္တဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန်အတွက် ကုန်ကျနေတဲ့ အသုံးစားရိတ်ကို ကန့်သတ် ချွေတာလိုက်တဲ့ မန်ယူအသင်းရဲ့ ဆုံးဖြတ်ချက်ကို နည်းပြဟောင်း မော်ရင်ဟို တစ်ယောက် ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာ အသင်းဘတ်ဂျတ် လျှော့ချရေး စီမံကိန်းအရ ဖာဂူဆန်အတွက် အသုံးပြုနေရတဲ့ တစ်နှစ်ပေါင် ၂ သန်း လစာပမာဏကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုရာသီအပြီးအထိသာ ဖာဂူဆန် တစ်ယောက် မန်ယူအသင်းနဲ့ ဆက်လက် ပူးပေါင်းခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

မော်ရင်ဟိုက “ ကျွန်တော် သိသလောက်တော့ သံတမန် အနေအထားမျိုးပေါ့၊ သူတို့ ဘာတွေ ဖြစ်နေကြသလဲဆိုတာကိုတော့ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။
ဒါပေမယ့် ကျွန်တော် သူ့ကို ဘယ်လောက် လေးစားမှုရှိသလဲဆိုတာ ကျွန်တော့်ရဲ့ Documentary ကို ကြည့်ရင် ခင်ဗျားတို့ သိနိုင်ပါတယ်၊ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ဖာဂူဆန်က အတော်လေး အရေးပါ ပါတယ်၊ ဒါက ဖာဂူဆန်ကြောင့် ရလာနိုင်မယ့် ပေါင် အနည်းငယ် ပမာဏထက် အများကြီး ပိုသာလွန်နေမှာပါ၊” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်း ပွဲစဉ်တွေတိုင်း ဖာဂူဆန်ကို ကင်မရာတွေက မီးမောင်းထိုးပြလေ့ရှိသလို ဖာဂူဆန်ရဲ့ပွဲတက်ရောက်မှုတွေက ပရိသတ်တွေအတွက် ကျေနပ်စရာ ဖြစ်နေတာကြောင့် ယခုတစ်ခေါက် ဆာဂျင် ရက်ကလစ်ဖ်တို့ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေ စိတ်တိုင်းမကျ ဖြစ်နေတာတော့ အမှန်ပါပဲ။