နောက်ရာသီ မန်ချက်စတာ ယူနိုက်တက် ကို ကိုင်တွယ်ဖို့ သဘောတူလိုက်ပြီ ဖြစ်တဲ့ နာမည်ကြီး နည်းပြ
အင်တာမီလန် အသင်းနည်းပြ ဆီမြွန်နီ အင်ဇာဂီဟာ လာမယ့်ရာသီ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် မီးစိမ်းပြလိုက်ပြီဖြစ်တယ်လို့ အင်တာလိုက်ဖ်က ဖော်ပြခဲ့ပါတယ်။
အီတလီလူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ဗီဒီယိုကွန်းဖရင့်တွေ အများအပြား ပြုလုပ်ခဲ့ပြီး လာမယ့်နွေရာသီမှာ သရဲနီလူစာရင်းကို သွေးသစ်လောင်းနိုင်ဖို့ အကန့်အသတ်မရှိ ဘတ်ဂျက်ချပေးမယ်လို့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
အင်တာလိုက်ဖ်ရဲ့ ဖော်ပြချက်အရ အင်ဇာဂီက ၃ နှစ်စာချုပ် ကမ်းလှမ်းခြင်းခံခဲ့ရပြီး ဒီရာသီကုန်မှာ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် အဲရစ် တန်ဟက်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရမှာကို သဘောတူညီမှုပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

တန်ဟက် ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက် အောက်တိုဘာလအစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခံရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့က ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အလက်ဟန်းဒရိုး ဂါနာချိုနဲ့ ဟွိုင်လန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် နိုင်ပွဲရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် မော်ရင်ဟိုရဲ့ ဖီနာဘာချီနဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။
အင်ဇာဂီရဲ့ အင်တာမီလန်နဲ့ အနာဂတ်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပေမယ့်လည်း မရေမရာဖြစ်နေပြီး အီတလီလူမျိုးနည်းပြရဲ့ ခေတ်ရှေ့ပြေးပြီး ရည်ရွယ်ချက်အပြည့်ရှိတဲ့ ကစားကွက်ကို မန်ယူနိုက်တက် တာဝန်ရှိသူတွေက အထင်ကြီးခဲ့တာဖြစ်ပါတယ်။
ဉာဏ်ကြီးရှင်လို့ ချီးကျူးခြင်းခံခဲ့ရတဲ့ အင်ဇာဂီဟာ အင်တာမီလန်နည်းပြဘဝ ပထမဆုံး ၃ နှစ်အတွင်း အထင်ကြီးဖွယ်အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ စီးရီးအေဖလား ရရှိခဲ့သလို ၂၀၂၃ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ဒီရာသီ စီးရီးအေမှာလည်း အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး နာပိုလီနဲ့ ၂ မှတ်အကွာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မကြာသေးမီက အီတလီက သတင်းတွေအရ အင်ဇာဂီနဲ့ အယ်လီဂရီတို့ ၂ ဦးစလုံးဟာ အဲရစ် တန်ဟက်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရနိုင်ခြေရှိတဲ့ နည်းပြတွေအဖြစ် ရှိနေပြီး ဆာအဲလက်စ် ဖာဂူဆန်က အယ်လီဂရီကို နည်းပြအဖြစ် ခန့်အပ်ဖို့ ထောက်ခံခဲ့တယ်လို့ လာဂဇက်တာဒယ်လိုစပို့က ဖော်ပြခဲ့ပါတယ်။