ဖီနာဘာချီနဲ့ သရေကျသွားတဲ့ ရလဒ်အပေါ် ယူနိုက်တက် နည်းပြ တန်ဟက်ရဲ့ သဘောထား
မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ မနေ့ညက ယူရိုပါလိဂ် အဝေးကွင်းပွဲမှာ ဖီနာဘာချီ ကို ၁-၁ နဲ့ သရေ ကျသွားခဲ့ပါတယ်။
အဲဒီပွဲမှာ ယူနိုက်တက်ဟာ အဲရစ်ဆင် သွင်းဂိုးနဲ့ အရင် ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းက ဒုတိယပိုင်းမှာ ပြန် ချေပသွားခဲ့တာပါ။
နည်းပြ အဲရစ်တန်ဟက်ကတော့ ညက တူရကီမှာ ကစားခဲ့တဲ့ အသင်း ခြေစွမ်းအပေါ် ကျေနပ်စရာတွေ ရှိခဲ့ပြီး အနိုင် ၃ မှတ်ပြည့် မယူနိုင်ခဲ့တာ အတွက် စိတ်ပျက်ကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ်။
” ဖီနာဘာချီက သိပ်ကောင်းတဲ့ ကလပ်အသင်းပါ။ ပရိသတ်တွေ အားပေးမှု သိပ်ကောင်းတယ်။ ကစားသမားကောင်း တချို့လည်း ရှိပါတယ်။
ကျွန်တော်တို့က ပထမပိုင်းမှာ ဘောလုံးကို ပိုပြီး ထိန်းသိမ်းနိုင်ခဲ့သင့်တယ်။ ဂိုးတွေလည်း ပိုသွင်းနိုင်ခဲ့သင့်တယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်တော့ သူတို့ဘက်ကလည်း အခွင့်အရေးကောင်းတွေ ဖန်တီးခဲ့တယ်။
ကျွန်တော်တို့ကို ပြသနာတွေ ပေးနိုင်ခဲ့တယ်။ မန်နေဂျာကောင်း ရှိတဲ့ အသင်းကောင်း တစ်သင်းပါ။ ဒီတော့ တစ်မှတ် ရရင်လည်း မဆိုးဘူးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ နိုင်ချင်တာပေါ့။ ပွဲတိုင်းကို နိုင်ချင်တာပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ယူရိုပါလိဂ် ၃ ပွဲ ကစားထားရာ ပေါ်တို (အဝေးကွင်း)၊ တွမ်တီး (အိမ်ကွင်း) နဲ့ ဖီနာဘာချီ (အဝေးကွင်း) တို့ ဖြစ်ပြီး ၃ ပွဲ လုံး သရေကျကာ ၃ မှတ်သာ ရထားပါတယ်။
ဒါကြောင့် ၃၆ သင်း ပြိုင်နေတဲ့ ယူရိုပါလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၂၁ သို့ ရောက်နေပြီ ဖြစ်ပါတယ်။