ဆရာတန်နဲ့မှ ယူနိုက်တက်ဟာ မကြားဝံမနာသာ ဥရောပ မှတ်တမ်းမျိုး ပိုင်ဆိုင်သွားရပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညတုန်းက နည်းပြဟောင်းမော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီနှင့် တစ်ဂိုးစီသရေကျပြီးနောက် ဥရောပမှာ ၁ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးတယ် ဆိုတဲ့ မကြားဝံ့မနာသာ မှတ်တမ်းဆိုး ပိုင်ဆိုင်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တုန်းက အိုးထရက်ဖို့ဒ်မှာ ကိုပင်ဟေဂင်ကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် တစ်နှစ်ကြာ နိုင်ပွဲပျောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက် လို အသင်းကြီး တစ်သင်း အတွက် ခံရခက်တဲ့ မှတ်တမ်းမျိုးပါ။
ယူနိုက်တက်က ယခုရာသီ ယူရိုပါလိဂ် ၃ ပွဲ ကစားထားရာမှာ နိုင်ပွဲ မရသေးဘဲ ၃ ပွဲလုံး သရေကျထားပါတယ်။

အဲရစ်တန်ဟက်ဟာ မနေ့ညတုန်းက နည်းဗျူဟာအပြောင်းအလဲ အနေဖြင့် ပွဲပယ်ခံထားရတဲ့ ကွင်းလယ်ဖန်တီးရှင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နေရာမှာ နောက်တန်းအစွန်လူ နူဆာမာ့ဇ်ရာဝီကို ကျောနံပါတ် ၁၀ ကစားသမားအဖြစ် ထူးထူးခြားခြား အသုံးပြုကာ False Ten ဗျူဟာခင်းကျင်းအသုံးပြုသွားခဲ့ပါတယ်။
တန်ဟက်ဟာ စနေနေ့တုန်းက ဘရန့်ဖို့ဒ်နှင့်ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဟွိုင်းလန်းကို အရန်ခုံသို့ ပို့ပြီး ဗျူဟာသစ် ခင်းကျင်းခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုပွဲမှာ ကစားပုံမကောင်းပေမဲ့လည်း ပွဲချိန် ၁၅ မိနစ်မှာ ဇတ်ဇီးရဲ့ ခင်းပေးမှုကနေ ခရစ္စတီယန်အဲရစ်ဆင်ရဲ့ အပိုင်ကန်ချက်ဖြင့် ဦးဆောင်ဂိုးရခဲ့ပါတယ်။
ဖီနာဘာချီဟာ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမဲ့လည်း ယူနိုက်တက် ဂိုးသမား အိုနာနာ အံ့ဩသင့်စရာကောင်းအောင် လက်စွမ်းပြကာကွယ်နေခဲ့လို့ ချေပဂိုးရခဲ့ ခက်ခဲခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၄၉ မိနစ်မှာ ယူဆတ်ဖ်အန်နက်စ်ယီက ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
ယခုပွဲမှာ ဖီနာဘာချီနည်းပြမော်ရင်ဟိုဟာ မန်နူရယ်အူဂတ်တီက ဘရိုက်အုဆာယီဆင်မြူရယ်အား ပြစ်ဒဏ်ကျူးလွန်မှုအပေါ် ပင်နယ်တီမပေးမှုအတွက် ဒိုင်လူကြီးကို စောဒကတက်ရာမှ အနီကတ်ပြသထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ယခုပွဲမှာ မရှုံးနိမ့်ခဲ့ပေမဲ့ ထိုးနှက်ချက်ကြုံခဲ့ရတာကတော့ အန်တိုနီ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် ဝက်စ်ဟမ်းကို သွားရောက်ရင်ဆိုင်ရပါမယ်။
၎င်းတို့ဟာ နောက်ထပ် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ PAOK ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားရပါမယ်။