နည်းပြဟောင်း ဆိုးလ်ရှား မန်ချက်စတာ ယူနိုက်တက်ထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာနိုင်မလား

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်ပြီးတဲ့နောက် နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားကို ပြန်ခန့်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်လာနေပါတယ်။

ယူနိုက်တက်အသင်းကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့သူ အဲရစ်တန်ဟက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ရှုံးပြီးတဲ့နောက် ဒီနေ့မနက်အစောပိုင်းက နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက နည်းပြရာထူးကနေ အထုတ်ခံရဖို့ နီးစပ်ခဲ့ပေမဲ့ FA ဖလားရယူနိုင်ခဲ့တာနဲ့ ယူနိုက်တက်ပစ်မှတ် တူချယ်လ်ကလည်း အသင်းနည်းပြရာထူးကို လက်မခံတာကြောင့် နည်းပြထိုင်ခုံပေါ်မှာ အဲရစ်တန်ဟက် ဆက်ရှိခွင့်ရခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းကို ၂-၁ ဂိုးနဲ့ရှုံးပြီးတဲ့နောက် ယူနိုက်တက်ဘုတ်အဖွဲ့က အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ထောက်နည်းပြဖြစ်သူ နစ္စတယ်လ်ရွိုင်းကို ယာယီအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ဇာဗီ၊ အမော်ရင်၊ ဆီမြွန်နီအင်ဇာဂီ၊ ဆောက်ဂိတ်တို့ ရေပန်းစားနေပေမဲ့လည်း ယူနိုက်တက်အသင်းဟာ နာမည်ကျော်နည်းပြတွေကို ခေါ်ယူမယ်ဆိုရင် မြင့်မားတဲ့လစာငွေနဲ့ စာချုပ်လျော်ကြေးပေးရမှာဖြစ်တာကြောင့် နည်းပြဟောင်း ဆိုးလ်ရှားကို ပြန်ခန့်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ Manchester Evening News သတင်းစာက သုံးသပ်ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း အဲရစ်တန်ဟက်ကို ၁ နှစ် စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် အခု လျော်ကြေးအဖြစ် ပေါင် ၁၇ သန်းအထိ ပေးရမှာဖြစ်လို့ ဘတ်ဂျက်အနေအထားအရ ဆိုးလ်ရှားဘက်ကို မြားဦးလှည့်လာတာဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သူ ဆိုးလ်ရှားဟာ ယူနိုက်တက်ကစားသမားဘဝမှာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမဲ့ နည်းပြဘဝမှာတော့ ၂၀၂၀ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်နိုင်ခဲ့တာပဲရှိပြီး ဆုဖလားအောင်မြင်မှု မယူနိုင်နိုင်ဘဲ ၂၀၂၁ နိုဝင်ဘာလမှာ နည်းပြရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။

အခုလောလောဆယ် ဆိုးလ်ရှားဟာ ကလပ်လက်မဲ့ဖြစ်နေသလို သူကလည်း ယူနိုက်တက်အသင်းဆီ ပြန်လာဖို့ရှိ၊ မရှိနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း အင်တာဗျူးမှာ –

“ကိုယ့်ရဲ့မိသားစု(ယူနိုက်တက်ကိုဆိုလို)က ကိုယ့်ကို လိုအပ်လာရင် ကူညီပေးဖို့ အသင့်ပါပဲ။ ယူနိုက်တက်အသင်းဘက်ကသာ ကျွန်တော့်ကို နည်းပြအဖြစ် ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် လက်ခံမိမှာပါ”ဆိုပြီး ဖြေကြားခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် နစ္စတယ်လ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး နစ္စတယ်လ်ရွိုင်းကလည်း ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ်။