ယူနိုက်တက်ရဲ့ ဦးစားပေး နည်းပြပစ်မှတ်နဲ့ ပေးချေရနိုင်တဲ့ လျော်ကြေး၊ ဆွေးနွေးမှု အခြေအနေ
မန်ချက်စတာ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်နေရာတွင် အစားထိုးရန်အတွက် စပို့တင်းလစ္စဘွန်းနည်းပြ ရူဘင်အေမိုရမ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့တုန်းက ရာသီအစရလဒ်ဆိုးရွားမှုကြောင့် နည်းပြအဲရစ်တန်ဟက်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
အသက် ၃၉ နှစ်ရှိ အေမိုရမ်ဟာ ၂၀၂၀ ခုနှစ်တွင် စပို့တင်းလစ္စဘွန်းနည်းပြဖြစ်လာပြီးနောက် ၁၉ နှစ်အတွင်း ပထမဆုံး ပေါ်တူဂီလိဂ်ဖလား အပါအဝင် အမှတ်ပေးဖလား ၂ ကြိမ် ဆွတ်ခူးပေးထားပါတယ်။
ယူနိုက်တက်နှင့် အေမိုရမ်တို့အကြား ဆွေးနွေးမှု နောက်ဆုံး အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် နှုတ်အားဖြင့် သဘောတူညီမှု ရပြီလို့လည်း သတင်းထွက်နေပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ အခြားနည်းပြများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်တာပါတယ်။ ဒါပေမဲ့ အေမိုရမ်က ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်နေပါတယ်။
တနင်္လာနေ့တုန်းက သတင်းစာရှင်းလင်းပွဲတွင် အေမိုရမ်က ယူနိုက်တက်နည်းပြရာထူးအတွက် မေးခွန်းမေးမြန်းလာမှာ မျှော်လင့်ကြောင်းနှင့် ယင်းနှင့်ပတ်သက်ပြီး ပြောကြားရန် မရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီးနောက် ယာယီနည်းပြအဖြစ် လက်ထောက်နည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်းကို ခန့်အပ်ထားပါတယ်။
ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့ လက်စတာနှင့် ရင်ဆိုင်ကစားရမဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို ကြီးကြပ်လာပါမယ်။
စပို့တင်းလစ္စဘွန်းဟာ ၂၀၂၀ ခုနှစ်တုန်းက အေမိုရမ်ကို ခန့်အပ်ရန်အတွက် ကလပ်ဟောင်းဘရာဂါကို နစ်နာကြေး ယူရို ၁၀ သန်းပေးခဲ့ရပါတယ်။
သူ့စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်အနေဖြင့် ခန့်အပ်မည်ဆိုပါက နစ်နာကြေးများစွာ ပေးရပါမယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်နေသလို အသင်း ၃၆ သင်း ပါဝင်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း အဆင့် ၂၁ နေရာမှာ ရပ်တည်နေပါတယ်။