ဘလွန်းဒီအော ၇ဆု ရှင် ဖြစ်သွားတဲ့ မက်ဆီ၊ နေရာပြောင်းလိုက်ရတဲ့ ဖီဖာကလပ်ဖလားနဲ့ နံနက်ခင်း သတင်းများ
ညက ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် တနှစ်တာ အကောင်းဆုံး ကစားသမား ဘလွန်းဒီအော ဆုကို အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး မက်ဆီက ရရှိသွားပါတယ်။
ပြီးခဲ့တဲ့ရာသီ လျှမ်းလျှမ်းတောက်ခဲ့ပြီး ဆုပေးပွဲ မလုပ်လို့ ဆုမရခဲ့တဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဒီနှစ်မှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး မက်ဆီကတော့ လီဝန်ဒေါစကီးသာ ဘလွန်းဒီအော ဆုကို ရရှိသင့်ကြောင်း ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီး ပါဝင်ယှဉ်ပြိုင်ကစားမဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို အစောပိုင်းက ဂျပန်နိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကိုဗစ်ကြောင့် ဂျပန်က လက်ခံကျင်းပနိုင်ခြင်းမရှိရာ ယူအေအီးနိုင်ငံမှာ ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းမှာ ဘန်ရာမာက ဆက်လက်ပြီး အထင်ကြီးစရာ လုပ်ပြနေသလို ပရီးမီးယားလိဂ်မှာ အယ်ဂျီရီးရီးယားအသင်းဖော်ရဲ့ အောင်မြင်မှုကို မြင်ရလို့ မအံ့ဩခဲ့ဘူးလို့ မာရက်ဇ်က ဆိုပါတယ်။
နောက်နှစ် ၂၀၂၂ ကမ္ဘာဖလားမှာ အသုံးပြုဖို့အတွက် အော်တို လူကျွံဘောဖမ်းတဲ့ စနစ်ကို ဖီဖာ အာရပ်ဖလားမှာ စမ်းသပ် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မူှး နေမာအနေနဲ့ စိန့်အက်တီယန်နဲ့ပွဲမှာ ရရှိခဲ့ဲတဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ် ခန့် အနားယူရဖွယ် ရှိနေပါတယ်။
မန်ယူ၊ အာဆင်နယ်တို့ အပါအဝင် ပရီးမီးယားလိဂ်ကလပ် တေ်ာတော်များများက ဖီအိုရင်တီးနား ဂိုးသွင်းစက် ဗလာဟိုဗစ်ကို စိတ်ဝင်စားနေခဲ့ပေမယ့် စီးရီးအေကလပ်က ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း ထိ အလိုရှိနေတာက အဓိက အတားအဆီး ဖြစ်နေပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူခဲ့တဲ့ လုပ်ရပ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ အိုဒီဂတ်အစား တောင်ပံကစားသမားတစ်ဦး ခေါ်ယူသင့်တယ်လို့ မှတ်ချက်ပြုခဲ့ကြတာပါ။
ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တိုးတော့မှာ မဟုတ်တဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ လီဗာပူး၊ မန်ယူ၊ နယူးကာဆယ်တို့က စိတ်ဝင်စားနေပြီး လက်မှတ်ထိုးကြေး ပေါင် ၁၇ သန်း ပေးရနိုင်တယ်လို့ သိရပါတယ်။