မန်ချက်စတာကို ရောက်လာတော့မယ့် ပေါ်တူဂီသား နည်းပြ အမ်မိုရင်း ဆိုတာ ..

နည်းပြ တန်ဟက်နဲ့ လမ်းခွဲပြီးနောက် နည်းပြသစ် ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ်ထဲမှာပဲ ပေါ်တူဂီသား အမ်မိုရင်းကို မန်နေဂျာသစ် အဖြစ် အတည်ပြု ခန့်အပ်တော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီသား နည်းပြ အမ်မိုရင်း ဆိုတာ ..

ပေါ်တူဂီ ဘောလုံးကျွမ်းကျင်သူတွေက အမ်မိုရင်းဟာ နည်းစနစ်ကောင်းတယ်လို့ ဆိုပါတယ်။ အမ်မိုရင်း လက်ထက်မှာတော့ စပို့တင်းက အဆိပ်ပြင်းတဲ့ အသင်း ပြန်ဖြစ်လာပါတယ်။ သူဟာ လှုံ့ဆော်နိုင်စွမ်းရှိတဲ့ နည်းပြမျိုးဖြစ်ပါတယ်။ အကျင့်စရိုက်လည်း သိပ်ကောင်းပါတယ်။

သူ့ရဲ့ အားသာချက်ကတော့ သူ့ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်တာပါပဲ။ အဝတ်လဲခန်းကို စည်းလုံးစေပြီး ယုံကြည်ချက်တွေကို တည်ဆောက်နိုင်တဲ့ ဆက်သွယ်မှုစွမ်းရည်လည်း ပါဝင်ပါတယ်။

မော်ဒန်နည်းပြတွေအတိုင်း အမ်မိုရင်းဟာ ဖိအားပေးခြင်း၊ မြန်နှုန်းနဲ့ကစားခြင်းတွေအပြင် တိုက်ရိုက်ကစားဟန်မျိုး ကျင့်သုံးပါတယ်။ ဒီကစားဟန်နဲ့ပဲ ပေါ်တူဂီမြေမှာ စပို့တင်းအား ၁၉ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ပြန်လည် အောင်မြင်စေခဲ့ပါတယ်။

တိုက်စစ်အားသန် အတွေးအခေါ်ရှိတဲ့ အမ်မိုရင်းဟာ စပို့တင်းနဲ့အတူ ဥရောပကို တုန်လှုပ်စေသူမျိုးတော့ မဟုတ်ပေမယ့် ၂၀၂၃ မှာ ဖလားအောင်မြင်ရေး ရေပန်းစားနေတဲ့ အာတီတာရဲ့ အာဆင်နယ်ကို ယူရိုပါလိဂ်ကနေ ဖယ်ထုတ်ပြခဲ့ဖူးပါတယ်။

လူတိုင်း ဂွာဒီယိုလာကို စံနမူနာ ယူနေချိန် သူကတော့ မော်ရင်ညိုကပဲ သူ့ရဲ့ Idol လို့ ပြောထားပါတယ်။ တချို့ကတော့ အမ်မိုရင်းက 3-4-3 နဲ့ လက်ထက်ထားပြီး ဒီကစားကွက်ကို အခြေခံအဖြစ် အသေဆုပ်ကိုင်ထားသူလို့ ပြောကြပါတယ်။

နည်းစနစ်အရတော့ အမ်မိုရင်းက လိုက်လျောညီထွေ လုပ်နိုင်စွမ်းနဲ့ နာမည်ကောင်းရပါတယ်။ ထိပ်တန်းဂိုးသွင်းရှင်ကို ဖန်တီးနိုင်တာကြောင့် သူ့အသင်းတွေဟာ ဂိုးသွင်းနှုန်းကောင်းသလို ခံစစ်ပိုင်းလည်း ကောင်းပါတယ်။

ပေါ်တူဂီ ‘The Big Three’ မှာ အားအနည်းဆုံး အသင်းကို ခေါင်းထောင်လာအောင် ဦးဆောင်နိုင်တဲ့ အသက် ၃၉ နှစ်အရွယ် နည်းပြဟာ အိုးထရတ်ဖိုဒ့်ကို ရောက်လာမလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။