အမ်မိုရင်း ဘုန်းတော်ဘွဲ့တွေက မန်ယူကို တန်ဟက် ရောက်စနဲ့ တူနေပြီလို့ ပေါလ်စခိုးလ် ထောက်ပြ

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြသစ်ဖြစ်လာတော့မယ့် အမ်မိုရင်း နဲ့ပတ်သက်ပြီး ချီးကျူးသံတွေက ယူနိုက်တက်ကို အဲရစ်တန်ဟက် စရောက်ချိန်မှာ အလွန်အကျွံ မြှောက်ပင့်ချီးကျူးခဲ့ကြတာနဲ့ ဘာမှ သိပ်မကွာဘူးလို့ ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က သုံးသပ်လိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္လာနေ့က အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးတဲ့နောက် အသက် ၃၉ နှစ်သာရှိသေးသူ စပို့တင်းလစ္စဘွန်းနည်းပြ အမ်မိုရင်း ကို နည်းပြသစ် ခန့်အပ်ဖို့ အသည်းအသန်ကြိုးပမ်းနေပါတယ်။

အမ်မိုရင်း ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ပေါ်တူဂီအမှတ်ပေးချန်ပီယံဆုအပါအဝင် ပြည်တွင်းဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို လူငယ်နည်းပြတွေထဲမှာ အရည်အချင်းရှိတဲ့သူအဖြစ် သတ်မှတ်ခံထားရသူပါ။

ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက အမ်မိုရင်းကို မျှော်လင့်တကြီးဖြစ်နေပြီး နည်းပြသစ်ဖြစ်လာဖို့ အားပေးထောက်ခံနေကြပါတယ်။

ဒါပေမဲ့ အဲရစ်တန်ဟက်တုန်းကလည်း အေဂျက်စ်အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆု ၃ ကြိမ်အထိရယူနိုင်ခဲ့သလို ၂၀၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ရောက်အောင် စွမ်းဆောင်ခဲ့တာကြောင့် အဲရစ်တန်ဟက်ကို ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် မျှော်လင့်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ထင်သလို မဖြစ်လာခဲ့ပါဘူး။

အဲဒါကြောင့် ပေါလ်စခိုးလ်က ” အမ်မိုရင်း နဲ့ပတ်သက်ပြီး ချီးကျူးသံတွေက ယူနိုက်တက်ကို အဲရစ်တန်ဟက် စရောက်တုန်းက အနေအထားနဲ့ ဆင်တူနေတယ်လို့ ကျွန်တော် ယူဆပါတယ်။

ယူနိုက်တက်အသင်းဟာ လာမဲ့ရက်ပိုင်း၊ နာရီပိုင်းအတွင်း အမ်မိုရင်း ကို စာချုပ်ဖို့ရှိတယ်ဆိုတာ ကျွန်တော်နားလည် ထားတယ်။

စပို့တင်းလစ္စဘွန်းအသင်းဟာ လာမဲ့တစ်ပတ်ကျရင် မန်စီးတီး၊ နောက် ၃၊ ၄ ပတ်လောက်အကြာမှာ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အဲဒီပွဲတွေမှာ အမ်မိုရင်း ဘယ်လောက်အထိလုပ်ပြနိုင်မလဲ မီဒီယာတွေနဲ့ ဘယ်လိုပါးပါးနပ်နပ် ဆက်ဆံမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သင့်ပါတယ်။

အင်္ဂလန်မှာက ပေါ်တူဂီလိဂ်ပွဲတွေကို သိပ်မကြည့်တာကြောင့် သူတို့အကြောင်းကို ကျွန်တော်တို့ သိပ်မသိပါဘူး။ ဥရောပပွဲတွေရှိမှ စပို့တင်းလစ္စဘွန်းပွဲတွေကို ကြည့်ဖြစ်တာများပြီး အမော်ရင်ဟာ ဘယ်လော်တော်ကြောင်း၊ ဘောလုံးပိုင်ဆိုင်မှုအသားပေးပြီးတော့ ခံစစ် ၃ ယောက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကစားဟန်ကို ပြသနေတယ်ဆိုတာပဲ ကြားနေရတာပါ . .”
“တကယ်လို့ ယူနိုက်တက်အသင်းမှာလည်း အဲဒီအတိုင်း အမ်မိုရင်း စွမ်းဆောင်ပြနိုင်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။