မျက်နှာပန်း လှသွားတဲ့ နည်းပြ နစ္စတယ်ရွိုင်း ရဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲဦးထွက် ဂိုးပြတ် နိုင်ပွဲ
နည်းပြ နစ္စတယ်ရွိုင်း လက်ထက် ပထမဆုံးပွဲမှာ မန်ချက်စတာ ယူနိုက်တက်က လက်စတာကို အိမ်ကွင်းမှာ ငါးဂိုးအထိ သွင်းယူပြီး ကာရာဘောင်းဖလား နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
နစ္စတယ်ရွိုင်းရဲ့ ကစားသမားပွဲထုတ်ပုံကလည်း ယခင် နည်းပြ အဲရစ် တန်ဟက်နဲ့ ကြီးကြီးမားမား ကွာဟချက် မရှိခဲ့ပါဘူး။
အိုနာနာ၊ ဟွိုက်လန်း၊ မာဇ်ရူအီတို့ ပွဲထွက်ခဲ့ခြင်းမရှိဘဲ အဲရစ်ဆင် ဒဏ်ရာ ရထားတာကလွဲလို့ ကျန်တဲ့အဓိက ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတင် ယူနိုက်တက်နဲ့ လစ်တာ နှစ်သင်းပေါင်း သွင်းဂိုး (၆) ဂိုးအထိ မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်က ၄-၂ ဂိုးနဲ့ ဦးဆောင်ထားခဲ့တာပါ။
ဒီပွဲမှာ ကက်စ်မဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ယူနိုက်တက်အတွက် (၂) ဂိုးစီ သွင်းယူကာ ခြေစွမ်းပြခဲ့သလို ဂါနာချိုကလည်း တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနဲ့ ခြေစွမ်းပြခဲ့ပါတယ်။
တိုက်စစ်ပြီးရင်း တိုက်စစ်နဲ့ ဂိုးပြတ် နိုင်ပွဲ ပုံဖော်နိုင်ခဲ့တဲ့ နည်းပြ နစ္စတယ်ရွိုင်းအတွက်တော့ မျက်နှာပန်းလှသွားခဲ့တဲ့ ပွဲတစ်ပွဲပါ။
ယူနိုက်တက်ဟာ လက်ရှိမှာလည်း စပို့တင်းနည်းပြ အမော်ရင်ကို ခန့်အပ်ဖို့အတွက် ကြန့်ကြာမှုတွေရှိနေသေးတာကြောင့် လာမယ့် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲကိုလည်း နစ္စတယ်ရွိုင်းပဲ ဆက်လက် ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။