မန်ယူကို နောက်နှစ်မှ ကိုင်ချင်ပေမယ့် Now or Never ရွေးချယ်ခဲ့ရတဲ့ နည်းပြသစ် အမ်မိုရင်း
မန်ချက်စတာယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ ရူဘင် အမ်မိုရင်း ရာသီအကုန်တွင်မှ နည်းပြရာထူးအား ကိုင်တွယ်လိုခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဘက်က ရာသီဝက်ကာလအတွင် လက်ခံခြင်း မရှိပါက နောင်တွင် ကိုင်တွယ်ခွင့်ရလာမှာ မဟုတ်ကြောင်း ပြောကြားခြင်းခံရပြီးနောက် လက်ခံခဲ့ရကြောင်း အမ်မိုရင်း က ဆိုလာပါတယ်။
ယူနိုက်တက်ဟာ သောကြာနေ့တုန်းက နည်းပြသစ်အဖြစ် အမ်မိုရင်း ကို ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စပို့တင်းလစ္စဘွန်းအား ကိုင်တွယ်လာမှာ ဖြစ်ပြီး လာမဲ့ နိုင်ငံတကာပွဲစဉ်များ အပြီးတွင်မှ ယူနိုက်တက်အား ကိုင်တွယ်လာပါမယ်။
စပို့တင်းလစ္စဘွန်းနှင့်အတူ ရှုံးပွဲမရှိ မှတ်တမ်း ရရှိထားတဲ့ အမ်မိုရင်း က “ရာသီက စနေပြီ။ ကျွန်တော်တို့လည်း တာထွက်ကောင်းတယ်။ အဲဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်ရောက်လာတယ်။ စာချုပ်ပါ နစ်နာကြေးထက် ပိုပေးတယ်။ ဥက္ကဌကတော့ ကလပ်အကျိုးအတွက်ပဲ ကြည့်ပါတယ်။ `

ဥက္ကဌနဲ့ ဘာမှ မဆွေးနွေးခဲ့ပါဘူး။ သုံးရက်တိုင်တိုင် ရာသီအကုန်အထိ ဒီမှာပဲ ဆက်နေချင်တယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ပြောကြားခြင်းခံရတယ်။
အခု လက်ခံရင်ခံ၊ မခံရင် ယူနိုက်တက်က အခြားရွေးစရာရှိတာ ရွေးလာပါမယ်။ ဒီတော့ သုံးရက်အတွင်း ဆုံးဖြတ်ချက်ချခဲ့ရတယ်။ ဒီကာလအတွင်းမှာ ဆုံးဖြတ်ချက်များစွာပြောင်းခဲ့ရတယ်”လို့ ပြောကြားသွားပါတယ်။
အမ်မိုရင်း ဟာ ယူနိုက်တက်နှင့် ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုထားပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်တွင် ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက် ၆ ဦးမြောက် ယူနိုက်တက် အမြဲတမ်း နည်းပြ ဖြစ်လာပါတယ်။
အမ်မိုရမ်ဟာ စပို့တင်းလစ္စဘွန်းနှင့်အတူ အမှတ်ပေးဖလား ၂ ကြိမ် ဆွတ်ခူးပြီးနောက် ဥရောပရဲ့အလားအလာအကောင်းဆုံးနည်းပြများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဝက်စ်ဟမ်း၊ လီဗာပူး၊ မန်စီးတီးတို့ရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။