လက်ရှိ ယူနိုက်တက်ကို ဝေဖန်လေကန်ရေး လုပ်နေတဲ့ သရဲနီဟောင်းကြီးတွေ အပေါ် နစ္စတယ်ရွိုင်းရဲ့ ရိုးရှင်းတဲ့ သဘောထား

ယာယီ နည်းပြ ရုဒ်ဗန်နစ္စယ်ရွိုင်းက မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း၊ အသင်းဖော်ဟောင်းများရဲ့ ယူနိုက်တက်အပေါ် ဝေဖန်ထောက်ပြမှုများမှာ ကလပ်အပေါ် ဂရုစိုက်နေမှုကြောင့်သာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ နည်းပြရူဘင်အမ်မိုရမ် မရောက်လာမီ နိုင်ငံတကာပွဲစဉ်များအထိ ယူနိုက်တက်ကို ဦးဆောင်သွားပါမယ်။

ဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူးဟာ ယူနိုက်တက်ဟာ ပထမဆုံးကိုင်တွယ်တဲ့ပွဲတွင် လက်စတာကို ၅-၂ ဖြင့် အနိုင်ယူခဲ့ပြီး ခါရာဘောင်ဖလားကွာတားဖိုင်နယ်သို့ ပို့ဆောင်ထားပါတယ်။ သူဟာ ဒုတိယမြောက်ပွဲအဖြစ် ယနေ့ညတွင် အိုးထရက်ဖို့ဒ်မှာ ချဲလ်ဆီးကို အနိုင်ယူရေး ကြိုးပမ်းရပါမယ်။

ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့ဟာ Sky Sports တွင် ယူနိုက်တက်-ချဲလ်ဆီးပွဲအားဝေဖန်သုံးသပ်လာဖို့ ရှိနေပါတယ်။

၎င်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ပေါလ်စခိုး၊ ပက်ထရစ်အီဗရာ၊ ရီယိုဖာဒီနန်တို့နှင့်အတူ ယူနိုက်တက် အား အပြင်းအထန် ဝေဖန်ထောက်ပြလာကြသူများ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝတုန်းက ယင်းကစားသမားများနှင့်အတူ တွဲကစားခဲ့သူ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းက “အခြေခံအားဖြင့် ဆိုရင်တော့ ဒီကလပ်ကို သူတို့ ဂရုစိုက်တာပါ။ ကလပ်ကို ကောင်းကောင်း သွားစေချင်တယ်။ မဖြစ်တဲ့အခါ စိတ်ပျက်ရတာပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။

ကျွန်တော်တို့အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါ။ သူတို့မှာ သူ့အမြင်နဲ့သူပါ။ အားလုံးအဆင်ပြေပါတယ်။ ဒါကို ကိုယ်ရေးကိုယ်တာလို သဘောမထားပါဘူး။ သူတို့ထဲက တချို့နဲ့ အခုအထိ အဆက်အသွယ်ရှိတုန်းပါ။ တွေ့တဲ့အခါလည်း ကော်ဖီလေးဘာလေး သောက်နေကြပါ”လို့ ပြောကြားသွားပါတယ်။

နစ္စတယ်ရွိုင်းဟာ နွေရာသီတုန်းက ချန်ပီယံရှစ်ကလပ် ဘန်လေရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမဲ့ ပယ်ချကာ အသင်းဟောင်း ယူနိုက်တက်တွင် လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ရန် ရောက်လာသူ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်ရှိ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်သို့ ၂ နှစ်စာချုပ်ဖြင့် ရောက်လာတယ်ဆိုပေမဲ့ အမ်မိုရမ်ကလည်း သူ့နည်းပြအဖွဲ့အား ခေါ်ဆောင်လာမည်ဖြစ်ရာ ယူနိုက်တက်နည်းပြအဖွဲ့တွင် ဆက်လက် မြင်တွေ့ရဖို့ ခက်ခဲနေပါတယ်။